ညောင်ရွှေတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းပြီး နေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့

  22/ Mar/ 2022

ညောင်ရွှေ၊ မတ်လ(၂၂) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)တို့ ပူးပေါင်း၍ ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်တွင် ရောက်ရှိနေသော နေရပ်စွန့်ခွါစခန်း (၃) ခုရှိ အိမ်ထောင်စု(၉၅) စုတို့အား စားနပ်ရိက္ခာထောက်ပံ့သည့်အစီအစဉ်ကို မတ်လ(၂၁) ရက်က ပြုလုပ်ခဲ့ရာ ဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင် တက်ရောက်ခဲ့ပါသည်။
     အဆိုပါ နေရပ်စွန့်ခွါစခန်း (၃) ခုရှိ အိမ်ထောင်စု (၉၅) စု လူဦးရေ (၃၃၃) ဦး တို့အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား စသည့် စားနပ်ရိက္ခာနှင့် (၅) နှစ်အောက်ကလေး (၂၇) ဦး၊ နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်မိခင် (၉) ဦး တို့အတွက် အဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးခဲ့ပါသည်။
ထိုသို့ထောက်ပံ့ရာတွင် ဒုတိယဥက္ကဌနှင်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးညီညီ ၊ အသင်းဌာနချုပ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းနှင့် ညောင်ရွှေမြို့နယ်မှကြက်ခြေနီစေတနာလုပ်အားရှင်များက နေရပ်စွန့်ခွာပြည်သူများအား ဆန်၊ဆီအစရှိသည့် စားသောက်ကုန်များကို ထောက်ပံ့ကူညီ ပေးအပ်ခဲ့ကြပါသည်။
အသင်းနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ နေရပ်စွန့်ခွါစခန်းများတွင် ယခုလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့ထိ အိမ်ထောင်စု စုစုပေါင်း (၂၃၄) လူဦးရေ (၇၉၆) ဦးအား ဆန်၊ ဆီ၊ ပဲ၊ ဆား စသည့် စားနပ်ရိက္ခာနှင့် (၅) နှစ်အောက်ကလေး (၆၇) ဦး၊ နို့တိုက်မိခင်၊ ကိုယ်ဝန်ဆောင်မိခင် (၃၁) ဦးအတွက် အာဟာရဖြည့်စွက်စာများ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါသည်။
     ဆက်လက်ပြီး ညောင်ရွှေ၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်းတယ၊ ပင်လောင်း မြို့နယ်များအတွင်းရှိ နေရပ်စွန့်ခွါပြည်သူများအတွက် ထောက်ပံ့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အသင်းအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ဖြင့် ပူးပေါင်းပြီး ပြီးခဲ့သည့် လအနည်းငယ်က ရန်ကုန်နှင့် မန္တလေးတို့တွင်လည်း ဆန်များဖြန့်ဝေခဲ့ပြီးဖြစ်ပါသည်။