တနင်္သာရီတိုင်းဒေသကြီးတွင် ကြက်ခြေနီက လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

  23/ Mar/ 2022

တနင်္သာရီတိုင်း၊ မတ်လ (၂၃)ရက် ။
တနင်္သာရီတိုင်းဒေသကြီးတွင် ကြက်ခြေနီက လူမှုကရုဏာလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြပါသည်။ COVID 19ရောဂါတုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများမှ စတင်ကာ ရပ်ရွာလူထုအတွင်း အရေးပေါ်လိုအပ်လျက်ရှိသည့် လူမှုကရုဏာအကူအညီများကို အချိန်နဲ့တပြေးညီ အထိရောက်ဆုံးပံ့ပိုးကူညီပေးနိုင်စေဖို့ ကြိုးစားအားထုတ်လျက်ရှိကြပါသည်။
ယနေ့ မတ်လ(၂၃)ရက်နေ့တွင် သရက်ချောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များက လောင်းလုံမြို့နယ် ဝေတီကျေးရွာမှ အသေးစားခြေတုပြုပြင်ရန်လိုအပ်သူ(၂)ဦးအား ခြေဖဝါးအသစ်လဲပေးခြင်းနှင့် ဒူးခါးပတ်ကြိုးလဲပေးခြင်းတို့ကို ဆောင်ရွက်ကူညီပေးခဲ့ပါသည်။
   မတ်လ(၂၁)ရက်နေ့က ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များသည် ဆန်းချီရပ်မှဆေးရုံဆင်းလူနာတစ်ဦးအား မယ်ဒီလန်းဆေးရုံမှ နေအိမ်သို့လည်းကောင်း၊ သရက်ချောင်းမြို့နယ် ဆီတောကျေးရွာမှ ဆေးရုံလွှဲပြောင်းလူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီးမှ ချမ်းမြေ့ဆေးရုံသို့လည်းကောင်း၊ ကြက်စားပြင်ရပ်မှ ခြေထောက်အရိုးကျိုးလူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီးမှ သီရိအားမာန်ဓာတ်မှန်ခန်းသို့လည်းကောင်း၊ ဘုမ္မောရပ်က လူနာတစ်ဦးအား မြင့်မိုရ်ဦးဆေးရုံသို့လည်းကောင်း အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြပါသည်။