လူငယ်နှင့်ရှေးဦးပြုစုခြင်း

  07/ Sep/ 2022

“လူငယ်တစ်ယောက်အနေနဲ့ ရှေးဦးပြုစုခြင်းပညာရပ်ကို တတ်မြောက်ထားသင့်ပါတယ်။ သင်ကြား၊သင်ယူမှုအကောင်းဆုံးအရွယ်မှာ သိချင်တာတွေကို ရှာဖွေလေ့လာနိုင်တဲ့အရွယ်ဖြစ်ပြီး လူကြီးနဲ့ကလေးငယ်တွေအတွက် ပြုစုစောင့်ရှောက်ပေးနိုင်မှု အကောင်းဆုံးအရွယ်လည်းဖြစ်ပါတယ်” အသက်(၁၉)နှစ်အရွယ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်အဖြစ် စတင် ဆောင်ရွက်ခဲ့တဲ့ မအိအိသိန်းမြင့်လင်းသည် ယခုအခါ မြို့နယ်ကြက်ခြေနီအသင်းခွဲရဲ့ဒုတိယတပ်ခွဲမှူးအဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း သတင်းအချက်အလက်စီမံခန့်ခွဲခြင်းနှင့်နည်းပညာဆိုင်ရာယူနစ်မှာ လက်ထောက်သတင်းအချက်အလက်စီမံခန့်ခွဲမှုအရာရှိ အဖြစ် ၂၀၂၀ခုနှစ်မှ စတင် တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။
ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦး၊ ဝန်ထမ်းတစ်ဦး ဖြစ်သည့်အပြင် လူငယ်တစ်ဦးလည်းဖြစ်တဲ့သူမက ရှေးဦးပြုစုခြင်းအတတ်ပညာနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်အချို့ကိုလည်း အောက်ပါအတိုင်း ရှင်းပြသွားခဲ့ပါတယ်။
“ကျမအနေနဲ့ ကြက်ခြေနီတစ်ယောက်မဖြစ်ခင်က အိမ်တွင်းကုသနည်းတွေ၊ မိရိုးဖလာကုသနည်းတွေ အများကြီး သိခဲ့ဖူးပေမယ့် စနစ်တကျမဟုတ်တာရော၊ နည်းစနစ်အမှားတွေကြောင့်ရော ထိခိုက်ဒဏ်ရာတွေပိုဆိုးသွားခဲ့တာတွေဖြစ်ခဲ့ဖူးပါတယ်။
အဲ့ဒါတွေအပြင် ဆေးရုံ၊ ဆေးခန်းတွေဟာ နေရာအနှံ့မှာမရှိနိုင်ပေမယ့် မတော်တဆထိခိုက်မှုမျိုးဟာ အချိန်၊နေရာမရွေးဖြစ်ပွားတတ်ပါတယ်၊ အဲ့ဒီလိုဖြစ်ပွားတဲ့အခါ ဆေးကုသပေးသူထံ မရောက်မချင်း တတ်မြောက်ထားတဲ့ ရှေးဦးပြုစုခြင်းပညာနဲ့ ပြုစုပေးနိုင်ရင် ဒဏ်ရာအခြေအနေပိုမဆိုးသွားတော့ဘူးပေါ့”
ထို့ပြင် ရှေးဦးပြုစုခြင်းသင်တန်းတွေကို လိုအပ်တဲ့နေရာဒေသအလိုက် အများကြီးဖွင့်လှစ်ပေးနေတာဟာ တစ်ကယ်ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်ပြီး သင်တန်းမှာ သင်ယူလေ့လာခဲ့သူတွေအနေနဲ့ သင်ယူခဲ့တာတွေကို ပြန်လည်အသုံးချနိုင်ဖို့နဲ့ စဉ်ဆက်မပြတ်လေ့လာသွားဖို့ကိုလည်း ဆက်လက်တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။
ရှေးဦးပြုစုခြင်းပညာရပ်သည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကျောရိုးဖြစ်ပါသည်။ အစောပိုင်းကာလများမှာ ရှေးဦးပြုစုခြင်းသင်တန်းတွေကို ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက်သာ ဦးတည်ဆောင်ရွက်ခဲ့ကြပေမယ့် ယခုအခါ ရပ်ရွာလူထုအတွက် ရှေးဦးပြုစုခြင်းသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးနေကြပါတယ်။