လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

  19/ Mar/ 2021

“ ကျွန်တော်တို့ မြစ်ကြီးနားမြို့နယ်အနေနဲ့ ထိခိုက်ဒဏ်ရာရသူများကို ကူညီဖို့ နေ့စဉ် နေ့ရောညပါ စေတနာလုပ်အားရှင် (၁၀) ယောက်ကနေ (၂၅) ယောက်အထိ အဆင်သင့် စောင့်ကြပ်ပြင်ဆင်ထားရှိပါတယ်။ ရှေးဦးပြုစုခြင်းစခန်းကိုတော့ ကျွန်တော်တို့ ပြည်နယ်ရုံးမှာပဲထားရှိပါတယ်။ ရုံးနေရာက မြို့အလယ်တည့်တည့်မှာ ရှိတာဆိုတော့ ပြည်နယ် ကြက်ခြေနီရုံးမှာပဲ အထိုင်ထားပြီး ပြည်နယ်နဲ့ ခရိုင် ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြပါတယ်။
အခြေအနေပေါ်မှာ မူတည်ပြီး အခြားလိုအပ်တဲ့နေရာတွေမှာ ကျွန်တော်တို့ လူနာတင်ယာဉ်နှစ်စီး အသုံးပြုပြီး Mobile First Aid posts အနေနဲ့ ယာယီစခန်းလေးတွေဖွင့်လှစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ကူညီဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ကျွန်တော်တို့ လက်ရှိဖြစ်စဉ်တွေမှာ ပွန်းပဲ့ရှနာ၊ မျက်ရည်ယိုဗုံးထိမှန်တာ၊ အရိုးကျိုးတဲ့ဖြစ်စဉ်တွေ နဲ့ ကျည်အမျိုးမျိုးထိမှန်တဲ့ ဖြစ်စဉ်တွေအတွက် ရှေးဦးပြုပေးပြီး လိုအပ်ရင် ကျွန်တော်တို့ဆီကို ချိတ်ဆက်ထားတဲ့ အခမဲ့ ကုသပေးတဲ့ဆရာဝန်တွေဆီကို ပို့ဆောင်ကုသပေးတာ။ ပြင်းထန်လူနာများကို ဆေးရုံးဆေးခန်းများကို လွှဲအပ်ပို့ဆောင်ပေးတာမျိုးတွေ ဆောင်ရွက်လျှက်ရှိပါတယ်။ ဖေဖော်ဝါရီလ ကနေ ယနေ့အချိန်ထိ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေမှာ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း (၄၀) လောက်ကို ကျွန်တော်တို့ ကြက်ခြေနီအနေနဲ့ အခြေခံမူများနှင့်အညီ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။”