ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား ကြက်ခြေနီမှကူညီ

  09/ Jan/ 2018

ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား ကြက်ခြေနီမှကူညီ

= = =

ကျောက်မဲ၊ ဇန်နဝါရီလ

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နယ် အာေ့ပြာင်ရွာနှင့် ကျက်သေရွာတို့မှ တိုက်ပွဲရှောင်ပြည်သူများသည် ကျောက်မဲမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံရေးစခန်းများဖွင့်ကာနေထိုင်လျက်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှပြည်နယ်တပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အဆိုပါယာယီခိုလှုံရေးစခန်းများသို့ Dignity Kit (၁၂၃)ခု၊ စောင်(၃၉၂) ထည်နှင့်Emergency Reproductive Health Kit (၉)ခု စသည်များကိုထောက်ပံ့ပေးခဲ့ရပါသည်။ ထို့ပြင်မိုးများရွာသွန်းနေချိန်ဖြစ်သည့်အတွက် တိုက်ပွဲရှောင်ပြည်သူများအတွက် အရေးပေါ်အခင်းနှင့် အကာများလိုအပ်နေသောကြောင့် တာပေါ်လင်များလည်းပေးအပ်ခဲ့ပါသည်။

ကျောက်မဲမြို့ပေါ်ရှိတိုက်ပွဲရှောင်စခန်း ၆ ခုတွင် လူဦးရေစုစုပေါင်း(၁၁၂၁)ဦးရှိကာအိမ်ထောင်စု (၂၀၂)စုဖြစ်ပြီး ကျောက်မဲမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် စစ်ဘေးရှောင်စခန်းရှိပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခြင်း၊ ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးမြင့်တင်ခြင်းနှင့် တကိုယ်ရေသန့်ရှင်းရေးအသိပညာပေးခြင်းစသည့် လူမှုကရုဏာလုပ်ငန်းများကိုကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။