19/ Mar/ 2018

စစ်ဘေးရှောင်ပြည်သူများအတွက် ကြက်ခြေနီရန်ပုံငွေဈေးပွဲတော်ကျင်းပပြုလုပ်မည်

ရန်ကုန်မြို့၊ မတ်လ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြီးမှူးကျင်းပမည့် စစ်ဘေးရှောင်ပြည်သူများအတွက် ကြက်ခြေနီရန်ပုံငွေ ဈေးပွဲတော်ကို မတ်လ၃၀-၃၁ နှင့်ဧပြီလ၁ရက်နေ့တို့တွင် ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ နံနက်၉နာရီ မှ ည၉နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ကြက်ခြေနီရန်ပုံငွေဈေးပွဲတော်တွင် - နာမည်ကြီး ရုပ်ရှင် ဂီတ အနုပညာရှင်များမှတေးဂီတများဖြင့်ဖျော်ဖြေတင်ဆက်ခြင်း၊ - သရုပ်ဆောင်များ ၊မော်ဒယ်များ၏ ဖက်ရှင်သရုပ်ပြအစီအစဉ်များ၊ မျက်လှည့်အစီအစဉ်များစသည့် ဖျော်ဖြေရေးအစီအစဉ်များဖြင့်ပြသခြင်း၊ - တိုင်းရင်းသားရိုးရာအစားအစာများနှင့် ရိုးရာ အသုံးအဆောင်ပစ္စည်း များ တည်ခင်းရောင်းချခြင်း၊ - ကံစမ်းမဲ လက်မှတ်များ ရောင်းချကာ အဖိုးတန်ဆုမဲများမဲဖောက်ပေးခြင်း၊ - နာမည်ကြီးအနုပညာရှင်များနှင့် အခြားသောအလှူရှင်များမှ လှူဒါန်းသော Good Secondhand Shop များ ဖွင့်လှစ်ရောင်းချခြင်း၊ - ကြက်ခြေနီအကြောင်းသိကောင်းစရာပြခန်းနှင့် ကြက်ခြေနီမှဆောင်ရွက်နေသောလူမှုကရုဏာလုပ်ငန်းများကြောင်းကိုစိတ်ဝင်စားဖွယ်ရာပြကွက်များဖြင့်ခင်းကျင်းပြသခြင်း၊ - ဈေးနှုန်းအထူးသက်သာသော အဝတ်အထည် အလှကုန် လူသုံးကုန်များကို ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချခြင်း အစရှိသည်တို့ဖြင့် သုံးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါဈေးပွဲတော်မှ ရရှိလာသောရန်ပုံငွေများကို စစ်ဘေးရှောင် ပြည်သူများအတွက် ကြက်ခြေနီက ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာ လုပ်ငန်းများတွင် ပြန်လည်အသုံးပြု သွားမည်ဖြစ်ပါသည်။

ရန်ပုံငွေဈေးပွဲတော် နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ဦးကိုကိုကျော်၊ညွှန်ကြားရေးမှူး ၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဖုန်း- ၀၉-၉၇၇၁၁၅၅၅၅ ၊ အီးမေးလ် - kokokyaw@redcross.org.mm သို့ဆက်သွယ်စုံစမ်းကာ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချခြင်း၊ အသုံးအဆောင်ပစ္စည်းများဆိုင်ခန်းဖွင့်လှစ်နိုင်ရန်လှူဒါန်းခြင်း၊ အနုပညာပိုင်းဆိုင်ရာကူညီဖျော်ဖြေခြင်း၊ ဈေးပွဲတော်တွင် စီးပွားရေးကြော်ငြာများဖြင့်အားဖြည့်နိုင်ရန်လုပ်ငန်းရှင်များမှကူညီခြင်း အစရှိသည်တို့ကိုဆောင်ရွက်နိုင်ပါကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသိပေးအပ်ပါသည်။

Read More

  08/ Mar/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ၊ မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်နှင့် တွေ့ဆုံ

ရန်ကုန်၊ မတ် ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူသည် မြန်မာနိုင်ငံဆိုင်ရာ တူရကီ သံအမတ်ကြီး H.E. Mr. Kerem Divanlioglu အား မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန် (ရုံးခွဲ) ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းအချိန်ပြည့် အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တူရကီသံရုံးမှ  Deputy Head of Mission ဖြစ်သူ Mr.Eymen Ozsahin နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More

  26/ Feb/ 2018

၂၀၁၈ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီမှ ပတ်ဝန်းကျင်သန့်ရှင်းရေး ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလှုပ်ရှားမှုကို ယနေ့မနက်ပိုင်းက ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ပတ်ဝန်းကျင်သန့်ရှင်းလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာဒေါ်လှကြင်ဦးဆောင်ကာ တိုင်းဒေသကြီး၊ ခရိုင်များ၊ မြို့နယ်များ၊ တက္ကသိုလ်၊ ကောလိပ်များ၊ အခြေခံပညာကျောင်းများမှ ကြက်ခြေနီစေတနာလုပ်အားရှင် စုစုပေါင်း အင်အား ၃၀၀ ဦးကျော်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီနှင့်ပူးပေါင်းကာ ဆေးရုံကြီးပတ်ဝန်း ကျင်ရှိ စွန့်ပစ်ပစ္စည်းများ၊ ပလပ်စတစ်အိတ်များ၊ အမှိုက်များအား ကောက်ယူစုစည်းကာ အမှိုက်အိတ်များဖြစ် ထည့်သွင်း၍ မြို့တော်စည်ပင်သာယာရေးဌာန အမှိုက်သယ်ယူရေးယာဉ်များပေါ်သို့ စုပေါင်းသယ်ယူပို့ဆောင်ကာ ပတ်ဝန်းကျင်သန်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ကြက်ခြေနီလှုပ်ရှားမှုကို စနေနေ့ နံနက် ၆ နာရီမှ ၉ နာရီထိ ဆောင်ရွက်ခဲ့ကြရာ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဌပါမောက္ခဒေါက်တာဒေါ်မြသူ သွားရောက် အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Credit; ဇော်မိုးအောင် (Supporting Officer Yangon Region)

Read More

  16/ Feb/ 2018

ထိုင်းနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဌာနသို့ မိသားစုသုံးပစ္စည်း (Family Kit) များပေးအပ်လှူဒါန်း

စစ်တွေမြို့၊ ဖေဖော်ဝါရီလ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ထိုင်းနိုင်ငံကြက်ခြေနီ အသင်းမှ ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနသို့ မိသားစုသုံးပစ္စည်း (Family Kit) ပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဦးဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံံ ကြက်ခြေနီအသင်း၊ အချိန်ပြည့်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်၊ ထိုင်းကြက်ခြေနီ အသင်းမှ Assistant Secretary General Mr. Tej Bunnag ဦးဆောင်သော ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကိုလေးနှင့် ကော်မတီဝင်များ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များ၊ မြို့မိ၊ မြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အချိန်ပြည့်အမှုဆောင် ဒေါက်တာဒေါ်အမယာ မော်နိုင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကာ ထိုင်းကြက်ခြေနီအသင်းမှ Assistant Secretary General Mr. Tej Bunnag က မိသားစုသုံးပစ္စည်းများလှူဒါန်းရသည့် အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒေါက်တာဒေါ်အမယာမောနိုင်နှင့် Mr. Tej Bunnag တို့က မိသားစုသုံးပစ္စည်းများကို ရခိုင်ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးဝင်းမြတ်အေးက လက်ခံပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဦးဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အချိန်ပြည့်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်တို့က ထိုင်းကြက်ခြေနီအသင်းသို့ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။
၎င်းနောက် ထိခိုက်ခံစားရသူ မိသားစုများကိုယ်စား ကိုယ်စားလှယ် တစ်ဦးအား မိသားစုသုံးပစ္စည်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာာ ဦးဝင်းမြတ်အေးနှင့် Mr.Tej Bunnag တို့က ထောက်ပံ့ပေးအပ်ခဲ့ကာ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါ သည်။ ထိုင်းကြက်ခြေနီအသင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ထိခိုက်ခံစားရသူ မိသားစုများအတွက် မိသားစုသုံးပစ္စည်း ၁၂၀၀ အား ထောက်ပံ့လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁ သိန်းကိုလည်း လှူဒါန်းခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၎င်းအလှူငွေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောနှင့် ဘူးသီးတောင်မြို့တို့တွင် အမှန်တကယ်လိုအပ်လျက်ရှိသော Blood Storage Center ၁ လုံးစီကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောက်လုပ်သွားရန် စီစဉ်လျက်ရှိပါသည်။

Read More

  08/ Feb/ 2018

ကိုရီးယားကြက်ခြေနီလူငယ်များ သန်လျင်မြို့ အလယ်ရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကိုရီးယား ကြက်ခြေနီအသင်းမှ ကြက်ခြေနီလူငယ်များနှင့် အုပ်ချုပ်သူများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အတူ သန်လျင်မြို့ အလယ်ရွာ အခြေခံပညာ မူလတန်း လွန်ကျောင်းတွင် ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန မြို့နယ် ပညာရေးမှူး ဦးသက်စိန်၊ လက်ထောက်ပညာရေးမှူး ဦးကြည်ဦး၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဒုတိယ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တောင်ပိုင်းခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကျော်မိုးကြည်၊အလယ်ရွာ အခြေခံမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဝင်းနှင့် တာဝန်ရှိ ဆရာ/ဆရာမများ၊ ကိုရီးယားကြက်ခြေနီအသင်းမှ General Director Mr. Lee Jong-ha ၊ Deputy Head Mr. Jung Chan-yong, Health Teacher Ms. Song Mi Gyoung၊ ရန်ကုန်တောင်ပိုင်းခရိုင် ကြက်ခြေနီစေတနာလုပ်အား ရှင်များနှင့် မြို့နယ်ကြက်ခြေနီစေတနာ လုပ်အားရှင်များ၊ ကိုရီးယားကြက်ခြေနီအသင်းမှ ကြက်ခြေနီလူငယ် စုစုပေါင်း (၄၇) ဦး၊ အလယ်ရွာ အခြေခံပညာမူလတန်း လွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၇၅) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် အလယ်ရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဝင်းက ကိုရီးယားကြက်ခြေနီအသင်းမှ ကြက်ခြေနီ လူငယ်များနှင့် အုပ်ချုပ်သူများအား ကြိုဆိုပါကြောင်း၊ ယခုလို ကျောင်းအတွင်း ကျောင်းသူ ကျောင်းသားများနှင့် ရင်းနှီးစွာ အတူတကွ စုပေါင်း လှုပ်ရှားမှုများ ဆောင်ရွက်ခွင့်ရတဲ့အတွက် အထူးကျေးဇူး တင်ရှိပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားခဲ့ သည်။ ထိုနောက် ကိုရီးယားကြက်ခြေနီအသင်းမှ General Director Mr. Lee Jong-ha မှလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆို လက်ခံတဲ့အတွက် အလယ်ရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ကိုရီးယားကြက်ခြေနီအသင်းမှ General Director Mr. Lee Jong-ha နှင့် တာဝန်ရှိသူများသည် သန်လျင်မြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကိုရီးယား ကြက်ခြေနီလူငယ်များသည် တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်း သရုပ်ပြမှုများ ဆောင်ရွက်ခဲ့ကြပြီး လက်တွေ့ သရုပ်ပြမှုများကို ကျောင်းသူ/ကျောင်းသားများနှင့်အတူ ဆောင်ရွက်ခဲ့ ကြပါသည်။ ဆက်လက်ပြီး ရိုးရာယဉ်ကျေးမှု တေးသရုပ်ဖော် အက အလှများ ကပြ ဖလှယ်ခြင်း၊ Friendship gift box များ ပေးဝေခြင်းများကို ရင်းနှီးချစ်ခင်စွာ အတူစုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ကိုရီးယား ကြက်ခြေနီလူငယ်များသည် အလယ်ရွာ အခြေခံပညာကျောင်းတွင်၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်လည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

Read More

  31/ Jan/ 2018

ရှေးဦးပြုစုခြင်း နည်းပြသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ရှေးဦးပြုစုခြင်း နည်းပြသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ = = = ပဲခူး၊ ဇန်နဝါရီ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ရှေးဦးပြုစုခြင်း နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ပဲခူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးငွေရှိန်၊ ၊ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ထို့အပြင် အဆိုပါ အခန်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းမှ သင်တန်းဆင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူမှ အမှာစကား ဆက်လက်ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးငွေရှိန်က သင်တန်းသား သင်တန်းသူများကို သင်တန်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် စံပြုဆုရရှိသော သင်တန်းသား သင်တန်းသူများအား ဆုမျာပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား သင်တန်းသူ စုစုပေါင်း ၃၉ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရပါသည်။

Read More

  22/ Jan/ 2018

၂၀၁၈ ခုနှစ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးတွင် ကြက်ခြေနီမှ ပါဝင်ကူညီ

၂၀၁၈ ခုနှစ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးတွင် ကြက်ခြေနီမှ ပါဝင်ကူညီ = = = ရန်ကုန်၊ ဇန်နဝါရီ ၂၀၁၈ ခုနှစ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၅ နာရီ မှ နေ့ခင်း ၁၂ နာရီအချိန်ထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဒေါက်တာ ဒေါ်လှကြင်၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များ စုစုပေါင်း အင်အား ၂၃၀ ဦးဖြင့် ကျန်းမာရေး စောင့်ရှောက်များ လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲ ပြေးလမ်းတစ်လျှောက်ရှိ ၁၀ ကီလိုမီတာ ပြေးလမ်း၊ ၂၁ ကီလိုမီတာ ပြေးလမ်း၊ ၄၂ ကီလိုမီတာ ပြေးလမ်းနှင့် တာထွက်နေရာ၊ တာဖမ်းနေရာများတွင် ကြက်ခြေနီ စေတနာလုပ်အားရှင် များမှ ရှေးဦးပြုစုခြင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးပြုစုခြင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရေဝေစခန်း ၂၁ နေရာ နှင့် ကြားစခန်း ၂၂ နေရာတွင် ဆောင်ရွက်ခဲ့ပြီး ပြေးလမ်းတစ်လျှောက်ကို ကြက်ခြေနီလူနာတင်ယာဉ် ၄ စီးဖြင့် လိုက်ပါ စောင့်ရှောက် ခဲ့ကြသည်။ ၂၀၁၈ ခုနှစ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင် အပြေးသမား ၉၀,၀၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ကြက်ခြေနီ စေတနာလုပ်အားရှင်များအနေဖြင့် ပြိုင်ပွဲ ပြီးဆုံးချိန်အထိ ရှေးဦးပြုစုခြင်း ကျန်းမာရေးစောင့်ရှောက်မှုကို တာဝန်ယူဆောင်ရွက်ကြကြောင်း သိရှိရသည်။ Credit; ဦးဇော်မိုးအောင်

Read More

  17/ Jan/ 2018

အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် မီးဘေးသင့်အိမ်ထောင်စုများအား အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကူညီ

အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် မီးဘေးသင့်အိမ်ထောင်စုများအား အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကူညီ = = = ရန်ကုန်၊ ဇန်နဝါရီလ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွှဲ ၁၅ နာရီ ၁၃ မီနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မဂ္ဂကျောင်းလမ်းအပိုင်း (၂) တွင် မီးလောင်ကျွမ်းခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း အင်းစိန်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၄၀ ဦးနှင့် လူနာတင်ယာဉ် ၄ စီးဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့်အတူ ပါဝင် ကူညီ မီးငြိမ်းသတ်ခဲ့သည်။ မီးလောင်ကျွမ်းမှု့သည်  ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွှဲ ၁၅း၁၃ မီနစ်အချိန်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ၁၅ နာရီ ၂၇ မီနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းမှု့ကြောင့် နေအိမ် ၂ လုံး၊ အိမ်ထောင်စု ၄ စု ထိခိုက်ပြီး ပျက်စီးခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲအနေဖြင့် မီးဘေးသင့် အိမ်ထောင်စုများအား ကျန်းမာရေးစောင့်ရှောက်မှုများလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ Credit: ဦနီထွန်း

Read More

  09/ Jan/ 2018

မော်လမြိုင်မြို့ မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီမှကူညီ

မော်လမြိုင်မြို့ မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီမှကူညီ = = = မော်လမြိုင်၊ ဇန်နဝါရီလ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ် အချိန်တွင် မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ကုလားတန်းရာဘာခြံစုရပ်တွင် လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ည ၉ နာရီ ၂၀ မီနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းခဲ့သော နေအိမ်များသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း မော်လမြိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင် ၅ ဦးသည် နေ့ခင်း ၁၂ နာရီအချိန်တွင် မီးဘေးသင့် အိမ်ထောင်စုများအား Family Kit၊ Hygiene Kit၊ Dignity Kit နှင့် သောက်ရေသန့်ဗူးများ၊ အရေးပေါ် အခင်းအကာအတွက် တာပေါ်လင်များလည်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့ပြင် မီးဘေးသင့် အိမ်ထောင်စုများအား မော်လမြိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက အားပေးစကားများပြောကြားပြီး လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။ Credit > > > ဦးပေါကြွယ်

Read More