26/ Feb/ 2022

ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်အား ကြက်ခြေနီများဆောင်ရွက်

ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ အရေးပေါ်အခြေအနေတွေနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်လာတဲ့အခါ ရပ်ရွာလူထုအတွက် လိုအပ်မယ့် အကူအညီတွေပေးနိုင်ဖို့အတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်တာတွေကို မကြာခဏဆိုသလို ပြုလုပ်ကြရပါတယ်။ သို့မှသာ ဘေးအန္တရာယ်ဆိုင်ရာအခြေအနေတွေမှာ ထိခိုက်မှုအနည်းဆုံးနဲ့ အထိရောက်ဆုံး စီစဉ်မှုတွေနဲ့ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၂ရက်နေ့နဲ့ ၂၃ရက်နေ့တွေမှာ မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီက တာဝန်ရှိသူတွေနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို (၂)ရက်တာလေ့ကျင့်ဆောင်ရွက်ခဲ့ကြပါတယ်၊ အဆိုပါဆောင်ရွက်မှုမှာ ကြက်ခြေနီစေတနာလုပ်အားရှင်တွေနဲ့အတူ ပူးပေါင်းလေ့ကျင့်ကြသူများပါဝင်ခဲ့ကြပြီး စုစုပေါင်း (၈)ဦးပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။

Read More

  26/ Feb/ 2022

ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် လူမှုကရုဏာလုပ်ငန်းများအား ရှေ့ဆက်ဆောင်ရွက်လျက်ရှိ

COVID 19 ရောဂါကူးစက်မှုများကို လျော့ချနိုင်စေရန် ရည်ရွယ်ချက်နဲ့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက မြို့နယ်အသီးသီးမှာ ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်အလက်တွေ နှိုးဆော်ပေးခြင်း၊ နှာခေါင်းစည်းနဲ့ လက်သန့်ဆေးရည်တွေ အခမဲ့ဖြန့်ဝေပေးခြင်း တို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြပြီး ရောဂါပိုးတွေ့လူနာတွေကို သက်ဆိုင်ရာဆေးရုံတွေနဲ့ ကုသရေးစင်တာတွေ ဆီကို ပို့ဆောင်ကူညီပေးနေကြပါတယ်။
မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို ရှေးဦးပြုစုပေးခြင်းနဲ့ ဆေးရုံဆေးခန်းပို့ဆောင်ရန်လိုအပ်နေတဲ့ လူနာတွေကိုလည်း လူနာတင်ယာဉ်နဲ့ ကူညီပို့ဆောင်ပေးတာတွေကို ဆောင်ရွက်လျက်ရှိနေကြပါတယ်။
   
ကြက်ခြေနီတွေဟာ မည်သည့်အခြေအနေမျိုးမှာမဆို ရပ်ရွာလူထုအကူအညီလိုအပ်လာရင် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးဖို့အတွက် အဆင်သင့်ရှိနေကြမှာဖြစ်ပြီး အခြေခံမူ(၇)ချက်နဲ့အညီ လူမှုကရုဏာအကူအညီတွေကို ဆောင်ရွက်ပေးနေကြဦးမှာ ဖြစ်ပါတယ်။

Read More

  25/ Feb/ 2022

ပဲခူးတိုင်းဒေသကြီးအတွင်ရှိ မြို့နယ်များတွင် ရှေးဦးပြုစုခြင်းသင်တန်းများ ဖွင့်လှစ်

မတော်တဆထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံ၊ ဆေးခန်းများသို့ မရောက်မီ စနစ်တကျနည်းလမ်းမှန်ကန်စွာ ရှေးဦးပြုစုပေးမှသာလျှင် ဝေဒနာသက်သာပြီး ထိရောက်မှုရှိနိုင်မှာဖြစ်ပါတယ်။
ရှေးဦးပြုစုခြင်းပညာရပ် တတ်မြောက်ထားသူများက မတော်တဆထိခိုက်မှုများအတွက် အချိန်မီရှေးဦးပြုစုပေးခြင်းဖြင့် အသက်ကယ်တင်နိုင်ပါတယ်။ ဒါကြောင့် ရှေးဦးပြုစုခြင်းပညာရပ်များ တတ်မြောက်ထားသူ တိုးပွားလာစေရေးအတွက် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်များတွင် ရှေးဦးပြုစုခြင်းသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျှက်ရှိပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်မှ (၂၅) ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၊ ပြည်မြို့နှင့် သဲကုန်းမြို့တို့တွင် ရှေးဦးပြုစုခြင်းသင်တန်း (၄) ကြိမ်ဖွင့်လှစ်ပို့ချပေးခဲ့ပါတယ်။ သင်တန်း (၄) ကြိမ်တွင် ကြက်ခြေနီစေတနာလုပ်အားရှင် ကျား (၆၁) ဦးနှင့် မ (၆၆) ဦးတို့အား ရှေးဦးပြုစုခြင်းပညာရပ်များ ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။

Read More

  24/ Feb/ 2022

ဒဂုံ(မြို့သစ်)ဆိပ်ကမ်း၊စက်မှုဇုန်မီးလောင်မှုတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များသွားရောက်ကူညီ

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့၊ ည(၁၁း၄၀)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(မြို့သစ်)ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန်(၂)၊ အမှတ်(၂) မက္ခရာမင်းသားကြီးလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ထိုမီးလောင်မှုဖြစ်ပွားရာနေရာသို့ ဒဂုံ(မြို့သစ်)ဆိပ်ကမ်းမြို့နယ် ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် နီးစပ်ရာမြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အချိန်မီသွားရောက်ကာ မီးငြိမ်းသတ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးပြုစုပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင်လည်အခြားသောလိုအပ်သည်များကို ဆက်လက်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

Read More

  24/ Feb/ 2022

တာချီလိတ်တွင် COVID 19 ရောဂါကာကွယ်ရေးလုပ်ငန်းများအား ကြက်ခြေနီက ဆက်လက်ဆောင်ရွက်လျက်ရှိ

ယခုကာလအတွင်း ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်လာသည်နှင့်အမျှ ကူးစက်မှုလျော့ကျစေရေးအတွက် အသိပညာပေးခြင်းတို့ကို ကြက်ခြေနီစေတနာလုပ်အားရှင်များက နေရာအနှံ့အပြားတွင် တိုးမြှင့်ဆောင်ရွက်လာကြပါသည်။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၃ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ဈေးများနှင့် လူအများသွားလာတတ်သောနေရာများတွင် ကြက်ခြေနီများက ပါးစပ်နှင့်နှာခေါင်းစည်းဝတ်ဆင်ရန်နှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်း၊ မကြာခဏလက်ဆေးရန်နှိုးဆော်ခြင်းနှင့် ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းတို့ကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ခရီးသွားရန်ကိုဗစ်ရောဂါပိုးလာရောက်စစ်ဆေးသူများမှ ရောဂါပိုးတွေ့ရှိလူနာများကို ကိုဗစ်ကုသရေးစင်တာများသို့ ပို့ဆောင်ကူညီပေးခြင်းတို့ကိုလည်းကောင်း ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

Read More

  22/ Feb/ 2022

မွန်ပြည်နယ်တွင် ကြက်ခြေနီက လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

COVID-19 ရောဂါကူးစက်မှုနှုန်း မြင့်တက်လာသည်နှင့်အမျှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ရောဂါကူးစက်မှုလျော့ချရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် COVID-19 ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများအား သီးသန့်လူနာဆောင် (Isolation Ward)သို့ ပို့ဆောင်ပေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း စသည့်လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှစတင်၍ ကျိုက်ထိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင် (၁၄)ဦးတို့သည် သိမ်ဇရပ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးတွေ့ ရှိသူများအား သီးသန့်လူနာဆောင် (Isolation Ward) သို့ ပို့ဆောင်ပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်အား ပိုးသတ်ဆေးဖြန်းခြင်း၊ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါသည်။
အလားတူ သထုံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၆)ဦးတို့သည်လည်း သထုံမြို့နယ် ကြာပန်းကျေးရွာမှ ဖျားနေသော သံဃာတော်များအား COVID-19 ရောဂါပိုးစစ်ဆေးရန် ခရိုင်ဆေးရုံသို့ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခြင်း၊ ပိုးတွေ့သံဃာတော်များအား သီးသန့်လူနာဆောင် (Isolation Ward) သို့ပို့ဆောင်ပေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် ပေါင်မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်လူနာဆောင်(Isolation Ward) တွင် ထားရှိသော ပိုးတွေ့လူနာများအတွက် နေရာထိုင်ခင်း၊ အစားအသောက်၊ ဆေးဝါး၊ အောက်ဆီဂျင်ရရှိရေးနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းတို့ကို မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၂)ဦးက နေ့စဉ် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အတူ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံမှ COVID-19 လူနာများအား လိုအပ်ချက်အရ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်းနှင့် သီးသန့်လူနာဆောင်(Isolation Ward)အတွင်း လိုအပ်သည့် အထွေထွေကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှစ၍ သံဖြူဇရပ်မြို့နယ်ရှိ အခြေခံပညာအထက်ကျောင်း (၆) ကျောင်းတွင် COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး မျက်နှာအကာ၊ လက်ဆေးဆပ်ပြာဆီနှင့် လက်သန့်ဆေးရည်များ ဖြန့်ဝေပေးခဲ့ပါသည်။
ထို့နောက် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ကျိုက္ခမီမြို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂၀)ဦးတို့သည် ရပ်ကွက်နှင့်ကျောင်းများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ အသိပညာပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့မှုရှိသူများအား ရောဂါပိုးစစ်ဆေးပေးခြင်း၊ ပို့တွေ့ရှိသူများအား ကြက်ခြေနီလူနာတင်ယာဉ်များဖြင့် သီးသန့်လူနာဆောင် (Isolation Ward) သို့ ပို့ဆောင်ကူညီပေးခဲ့သည်။ ထို့အတူ ကျိုက္ခမီဆေးရုံမှ လူနာများအား လိုအပ်ချက်အရ သံဖြူဇရပ်နှင့် မော်လမြိုင်ဆေးရုံများသို့ ပို့ဆောင်ပေးခြင်းနှင့် အခြားသော အထွေထွေကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အပြင် မုဒုံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။

Read More