17/ Nov/ 2021

၁၀၀)အား Abercrombie & Kent Myanmar က ဘိုကလေးမြို့နယ်ကြက်ခြေနီအသင်းခွဲသို့ လှူဒါန်း

ဘိုကလေး၊ နိုဝင်ဘာလ (၁၇)ရက်။
COVID-19 ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် Abercrombie & Kent Myanmar မှ PPE ဝတ်စုံ (၁၀၀)အား ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၁၆ရက်နေ့က ဘိုကလေးမြို့နယ်ကြက်ခြေနီအသင်းခွဲသို့ လာရောက်လှူဒါန်းခဲ့ကြရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသက်နိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ပါသည်။
ဘိုကလေးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အခြားပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များနည်းတူ COVID-19 ရောဂါစတင်ဖြစ်ပွားချိန်မှစတင်ကာ ရပ်ရွာလူထုအား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြပြီး တုံ့ပြန်ကာကွယ်ရေးလုပ်ငန်းများတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်း၊ ပိုးတွေ့လူနာများအား ကုသရေးစင်တာများသို့ ပို့ဆောင်ပေးခြင်း၊ ဆေးဖြန်းပေးခြင်း၊ လူအများသွားလာတတ်သောနေရာများတွင် နှာခေါင်းစည်းများနှင့် လက်သန့်စင်ဆေးရည်များအခမဲ့ ဖြန့်ဝေပေးခြင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခြင်းတို့ကိုလည်း နေ့စဉ်ဆောင်ရွက်ကူညီပေးလျှက်ရှိကြပါသည်။
ယခုကဲ့သို့ ကြက်ခြေနီလှုပ်ရှားမှုအား ယုံကြည်စွာဖြင့် ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအတွက် လိုအပ်သည့် PPEဝတ်စုံများအား လာရောက်လှူဒါန်းပေးကြသော Abercrombie & Kent Myanmar အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျေးဇူးအထူးတင်ရှိပါသည်။

Read More

  28/ Oct/ 2021

(၈၄) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးဖွင့်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာလ (၂၈) ရက်၊ ၂၀၂၁ ခုနှစ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၄)ကြိမ်မြောက် ကြက်ခြေနီ ဗဟိုကောင်စီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ နံနက်က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ အသင်းဥက္ကဌဒေါက်တာ မောင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့် / အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ နှီးနွယ်ဝန်ကြီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသူများ၊ ကြက်ခြေနီဗဟိုကောင်စီဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး များမှ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ မိတ်ဖက်အမျိုးသား အသင်းများမှ ဌာနေကိုယ်စားလှယ်များ၊ အသင်းမှ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေ အတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား၌ ဒုတိယဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး အသင်းဥက္ကဌက အသင်း၏ လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကာ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ ဖွင့်ပွဲအခမ်းအနားကို ပြီးမြောက် အောင်မြင်ခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေ ၂၀၁၅ အရ ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးကို အနည်းဆုံး တစ်နှစ် တစ်ကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၂၁ - ၂၀၂၅ မဟာဗျူဟာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများ ကို တင်ပြဆွေးနွေး သွားကြမည် ဖြစ်ပါသည်။

Read More

  04/ Oct/ 2021

မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ မြန်မာ-ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းက အောက်ဆီဂျင်ဆလင်ဒါများလှူဒါန်း

ရန်ကုန်၊ အောက်တိုဘာလ (၄) ရက်။
မြန်မာနိုင်ငံအတွင်း COVID-19 ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်း (Thai Business Association of Myanmar -TBAM) က မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အောက်ဆီဂျင်ဆလင်ဒါ (၄၇) လီတာ အလုံးရေ (၃၀၀) လှူဒါန်းပွဲကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့က Virtual စနစ်ဖြင့်ပြုလုပ်ခဲ့ပါသည်။
လှူဒါန်းပွဲအခမ်းအနား အဖွင့်အမှာစကားကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mrs. Suphatra Sirmaitreephithak ၊ TBAM ဥက္ကဌ Mr. Sorasak Keeratichokechaikul နှင့် ထိုင်းနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး H.E. Mr. Tej Bunnag တို့မှ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုးမှ လှူဒါန်းမှု အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက် ခဲ့ကြပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ပါသည်။
လှူဒါန်းရရှိသည့် အောက်ဆီဂျင်ဆလင်ဒါများကို စက်တင်ဘာလ (၇) ရက်နေ့နှင့် စက်တင်ဘာလ (၁၈) ရက်နေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီး ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ခရိုင်လေးခရိုင်အတွက် ဆလင်ဒါအလုံးရေ (၂၇၀) လုံးကိုလည်းကောင်း၊ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီး အတွက် ဆလင်ဒါအလုံးရေ (၂၀) လုံးကိုလည်းကောင်း၊ အသင်း (ရန်ကုန်ရုံးခွဲ) တွင် ဆလင်ဒါအလုံးရေ (၁၀) လုံးတို့ကိုလည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
မြန်မာ-ထိုင်း စီးပွားရေးလုပ်ငန်းရှင်များအသင်းအနေဖြင့် အခမဲ့ အောက်ဆီဂျင်အရည်ပြန်လည် ဖြည့်တင်းခြင်းများ ကိုလည်း တစ်နေ့လျှင် ဆလင်ဒါ အလုံး (၆၀)နှုန်းဖြင့် (၅) လအထိ ဆောင်ရွက်ပေး သွား မည်ဖြစ်ပါသည်။

Read More

  21/ Sep/ 2021

ရခိုင်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လှုပ်ရှားဆောင်ရွက်မှုများ

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းများ၌ သွေးတိုး၊ ဆီးချို၊ သွေးချို‌ရောဂါ ကျန်းမာရေးအသိပညာပေးခြင်းကို ပြုလုပ်ခဲ့ကြပါသည်။
ထို့အတူ စက်တင်ဘာလ (၂၀)ရက်‌နေ့ကလည်း ပေါက်တောမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သဝင်ချောင်းကျေးရွာ၌ COVID-19 ရောဂါကျန်းမာရေးအသိပညာပေးခြင်းကို ပြုလုပ်ခဲ့ပြီး နှာခေါင်းစည်းများကို ပေးဝေခဲ့ကြပါသည်။
ထို့အပြင် ကျောက်တော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကျောက်တော်မြို့ မဟာကံကြီးရှင်ဘုရားရှေ့ နှင့် ဂစ္ဆပသီရိအဝေးပြေးကားဂိတ်တို့တွင် ခရီးသွားပြည်သူများအား COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း(၅၀၀)ခုကို ပေးဝေပေးခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်နိုင်ရန် ကူညီဆောင်ရွက်ခဲ့ကြပါသည်။

Read More

  17/ Sep/ 2021

လူနာများကို မွန်ပြည်နယ်မှ ကြက်ခြေနီများကကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့ကသံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့မှ ရေလုပ်သား(၁)ဦး အရေးပေါ် ဆေးကုသမှုခံယူရန် လိုအပ်သောကြောင့် ကျိုက္ခမီလှေဆိပ်မှ ကျိုက္ခမီတိုက်နယ်ဆေးရုံ ထိုမှတဆင့် သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကျိုက္ခမီမြို့ကြက်ခြေနီ
အသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။
ထို့အတူ စက်တင်ဘာလ (၁၆)ရက်နေ့က ချောင်းဆုံမြို့နယ်ပြည်သူ့ဆေးရုံ (Isolated Ward-1)တွင် ဆေးကုသမှုခံယူနေသော အမျိုးသားလူနာ(၁)ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံ (Isolation Ward) သို့ ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဥ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။

Read More

  11/ Sep/ 2021

၂၀၂၁ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်မှ ပေးပို့သည့် သဝဏ်လွှာ

Read More

  10/ Sep/ 2021

စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်း (Psychosocial Support)

စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်းဆိုတာ လူတစ်ဦးချင်းဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ၊ ရပ်ရွာလူထုရဲ့လိုအပ်ချက်တွေဖြစ်ကြတဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာတွေအတွက် ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အဲ့ဒီလိုကူညီဆောင်ရွက်ပေးရာမှာ ဆိုးကျိုးဖြစ်စေတဲ့ မကောင်းတဲ့အတွေ့အကြုံအနေအထားတွေကနေ နဂိုမူလအနေအထားကို ပြန်လည်ရောက်ရှိလာစေရေးအတွက် လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းကူညီအားပေးရပါတယ်။
စိတ်ပိုင်းဆိုင်ရာအားပေးကူညီရာမှာ အခြေခံသဘောတရားတွေဖြစ်တဲ့ တခြားသူတွေရဲ့ခံစားချက်ကို အာရုံစူးစိုက်နားထောက်ပေးကာ နားလည်လက်ခံပေးခြင်း၊ စိတ်သောကကို တည်ငြိမ်အောင်ပြုလုပ်ပေးခြင်း၊ လိုအပ်ချက်နဲ့စိုးရိမ်ပူပန်နေတဲ့အကြောင်းအရာတွေ၊ လတ်တလောလိုအပ်ချက်တွေနဲ့ ပြဿနာတွေကို သေချာနားထောင်ပေးပြီး ဖြေရှင်းဖို့နည်းလမ်းကောင်းတွေကို ကူညီရှာဖွေပေးရပါတယ်။ အဲ့ဒီလိုပြုလုပ်ရာမှာ ချစ်ခင်ရသူတွေနဲ့ချိတ်ဆက်ပေးတာတွေ၊ ပြဿနာကိုလက်တွေ့ကျကျဖြေရှင်းစေတာတွေအပြင် လိုအပ်တဲ့အခါ အခြားသူတွေရဲ့ကူညီမှုတွေကိုရယူပြီး လူမှုရေးဆိုင်ရာအကူအညီတွေပေးရပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာရှိနေကြတဲ့ ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ရပ်ရွာလူထုဆင်းရဲ့ဒုက္ခနည်းပါးသက်သာစေရန်အတွက် ရည်ရွယ်ပြီး လူမှုကရုဏာအကူအညီတွေကို ဆောင်ရွက်ကြရာမှာ လိုအပ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုတွေကိုပါ ပြုလုပ်ပေးကြရပါတယ်။
ယခုဖြစ်ပွားနေတဲ့ COVID-19 ရောဂါကူးစက်မှုနဲ့ ပဋိပက္ခအခြေအနေတွေကြောင့် ရပ်ရွာလူထုဟာ စိုးရိမ်ထိတ်လန့်မှုတွေကိုရင်ဆိုင်နေကြရပြီး ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေကလည်း တတ်နိုင်သမျှ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီမှုတွေကို ပြုလုပ်ပေးကာ ရပ်ရွာလူထုနဲ့အတူရှိနေကြမှာပဲဖြစ်ပါတယ်။

Read More

  10/ Sep/ 2021

မင်းတပ်မြို့နယ်ရှိ ဒေသတွင်းမငြိမ်မသက်ဖြစ်ခြင်းကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းပြီး ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ဒေသတွင်းမငြိမ်မသက် ဖြစ်ခြင်းကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရပ်ရွာလူထုများအတွက် ကနဦးအရေးပေါ် အထောက်အပံ့များဖြစ်သည့် အစားအစာများ၊ အစား အစာမဟုတ်သောပစ္စည်းများ၊  COVID -19 ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်နှင့် Surgical Mask စုစုပေါင်း (၁၈) မျိုးတို့ကို မိသားစု (၆၄) စု၊ လူဦးရေ (၂၄၄)  ဦးအတွက် ဩဂုတ်လ (၃၀) နှင့် (၃၁)ရက်နေ့တို့တွင် ထောက်ပံ့ပေးနိုင်ခဲ့ပြီး မင်းတပ်ဆေးရုံသို့ ရေစစ်အိုးများနှင့် COVID-19 ကာကွယ်ရေးသုံး ပစ္စည်းအချို့ကိုလည်း ဖြန့်ဝေပေးခဲ့ပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သော ရပ်ရွာလူထု များအတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု ရွေ့လျားဆေးကုသခြင်းနှင့် လူနာတင်ယာဉ်ဖြင့် အရေးပေါ် လူနာလွှဲပြောင်းခြင်း စတဲ့လုပ်ငန်းများကို မင်းတပ်မြို့ပေါ်ရှိ နေရာ (၅) နေရာတို့တွင် စက်တင်ဘာလ(၂)ရက်နေ့မှ စတင်ကာ စက်တင်ဘာလ (၂၁)ရက်နေ့အထိ ကူညီ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ထိခိုက်ခံစားရသော ရပ်ရွာလူထုများ၏ ထပ်မံ လိုအပ်နေ သေးသည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ဆက်လက်ကူညီပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

Read More