13/ Jun/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခအခြေအနေများကြောင့် မြန်မာနိုင်ငံရှိ ပြည်နယ်၊ တိုင်းအသီးသီးတွင် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ တဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်။ ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း ထိခိုက်မှုများရှိခဲ့ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီ စေတနာလုပ်အားရှင်ပေါင်း (၂၀၀၀)ခန့်ဟာ မိခင်များနှင့် မွေးကင်းစကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပြင် အခြားအရေးပေါ်လူနာများအတွက် လိုအပ်သည့်စောင့်ရှောက်မှုများရရှိစေရန် လူနာတင်ယာဉ် (၄၀၀)ခန့်၊ အရေးပေါ်ရှေးဦးပြုစုရေးစခန်းပေါင်း (၃၁၂)ခုဖြင့် လူမှုကရုဏာအကူအညီများပေးခဲ့ကြရာ ယခုကာလအတွင်း အရေးပေါ်မွေးလူနာပို့ဆောင်မှု(၈၆)ကြိမ်အပါအဝင် လူရာပေါင်းများစွာအား ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီညွှန်းပို့ပေးနိုင်ခဲ့ပြီး အပြင်းစားထိခိုက်ဒဏ်ရာများနှင့် အသေးစားထိခိုက်ဒဏ်ရာများအား အရေးပေါ်ရှေးဦးပြုစုပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြပါတယ်။

Read More

  12/ Jun/ 2021

စည်းကမ်းမဲ့ ချောင်းဆိုးခြင်း၊ တံတွေး/ သလိပ်ထွေးခြင်းနှင့် ကွမ်းတံတွေးထွေးခြင်းတို့ကို ရှောင်ကြဉ်ရမယ်

ကိုရိုနာဗိုင်းရပ်စ်သည် နှာချေခြင်း သို့မဟုတ် ချောင်းဆိုးခြင်းကြောင့် ထွက်လာသော အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်များထဲမှနေ၍ လေထဲမှတစ်ဆင့် ပျံ့နှံ့နိုင်ပြီး အဆုတ်များအတွင်းသို့ ရှူသွင်းမိနိုင်တယ်။
ဒါကြောင့် စည်းကမ်းမဲ့ ချောင်းဆိုးခြင်း၊ တံတွေး/ သလိပ်ထွေးခြင်းနှင့် ကွမ်းတံတွေးထွေးခြင်းတို့ကို ရှောင်ကြဉ်ရမယ်။

Read More

  12/ Jun/ 2021

မင်းတပ်မြို့နယ်မှ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူများအား ပခုက္ကူဆေးရုံသို့ကြက်ခြေနီ အရေးပေါ် လူနာတင်ယာဉ်ဖြင့်ပို့ဆောင်

မင်းတပ်၊ ဇွန်လ (၁၂)ရက် ============

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် မကွေးတိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့က ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်များထဲမှ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျက်ရှိသည့် အသက် (၁၂) နှစ်အရွယ် ယောင်္ကျားလေး (၁) ဦး၊ အသက် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ဦး နှင့် (၂) ရက်သား မွေးကင်းစအရွယ် ယောင်္ကျားလေး (၁) ဦး၊ စုစုပေါင်း ကလေးငယ်(၃) ဦးတို့အား ကျောက်ထုမြို့မှတစ်ဆင့် ပခုက္ကူဆေးရုံသို့ ပို့ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များ၊ ဒေသခေါင်းဆောင်များနှင့် ညှိနှိုင်းခဲ့ပြီး ဒေသခံများ၏ အကူအညီဖြင့် လူနာကလေးငယ်များအား ကျောက်ထုမြို့အထိ ပို့ဆောင်ပေးခဲ့ကြပါသည်။
ထိုမှတဆင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဇင်နိုင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၄) ဦးတို့သည် ကြက်ခြေနီ လူနာတင်ယာဉ် (၂) စီးဖြင့် ကျောက်ထုမြို့တွင် လူနာကလေးငယ်(၃)ဦးအား လွှဲပြောင်းလက်ခံခဲ့ပြီး ပခုက္ကူဆေးရုံသို့ ညနေ (၅) နာရီအချိန်တွင် ဆေးကုသမှုခံယူနိုင်ရန် စနစ်တကျ လွှဲပြောင်းပေးခဲ့သည်။

Read More

  09/ Jun/ 2021

သွေးလှူဒါန်းခြင်း

အရေးပေါ် ခွဲစိတ်ကုသတဲ့ ဖြစ်စဉ်များနှင့် ရောဂါကြောင့် သွေးသွင်းရမယ့် အချိန်တွေမှာ သွေးလိုအပ်ပါတယ်။ သွေးအစား အစားထိုးနိုင်တဲ့ ပစ္စည်းမရှိသေးပါဘူး။ ဒါကြောင့် သွေးလိုအပ်သူများအတွက် သွေးအလှူရှင်များလိုအပ်ပြီး သွေး လှူဒါန်းခြင်းသည် အသက်ကယ်ခြင်းပင်ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုများနှင့် သွေးသွင်းရန်လိုသည့်လူနာများ၏ သွေးလိုအပ်မှုများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ အရေးပေါ်သွေးလိုအပ်မှုများကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းနိုင်ရန် စေတနာအလျောက်အခမဲ့သွေးလှူဒါန်းခြင်းနှင့် သွေးအလှူရှင်များကို ချိတ်ဆက် ရှာဖွေပေးခြင်းအားဖြင့် သွေးလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ဘယ်သူတွေက သွေးအလှူရှင် ဖြစ်နိုင်ပါသလဲ ============================= အသက်(၁၈) နှစ်မှ (၅၅) နှစ်အတွင်းရှိသူ ဖြစ်ရမည်။ ကိုယ်အလေးချိန် ပေါင် (၁၃၀) အထက် ရှိရမည်။ အိပ်ရေးဝစွာ အိပ်စက်ထားသူဖြစ်ရပါမည်။ အရက်သေစာသောက်စားထားခြင်းမရှိသူ ဖြစ်ရပါမည်။ လတ်တလော ရောဂါဝေဒနာမရှိသူ ဖြစ်ရပါမည်။ ကူးစက်ရောဂါ ကင်းရှင်းရမည်။ လွန်ခဲ့သော ၆ လအတွင်းက ဆေးမင်ကြောင် ထိုးခြင်း၊ နားဖောက်ခဲ့ခြင်း၊ ဆေးအပ်စိုက်ခဲ့ခြင်းတို့ မရှိသူ ဖြစ်ရပါမည်။ ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ လတ်တလော ဓမ္မတာလာခြင်းတို့ မရှိသူဖြစ်ရပါမည်။ အထက်ပါ အချက်အလက်များနှင့် ပြည့်စုံပါက (၄) လ လျှင် တစ်ကြိမ် သွေးလှူဒါန်းနိုင်ပါတယ်။ သွေးအလှူရှင်များကို ကျေးဇူးတင်ပါတယ်…… နီးစပ်ရာ သွေးလှူဘဏ်များနှင့် ဆေးရုံများတွင် စေတနာအလျောက် သွေးလှူဒါန်းခြင်းဖြင့် မိမိမေတ္တာကို မျှဝေပြီး သွေးလှူဒါန်းသူများအဖြစ် ဂုဏ်ယူလိုက်ကြပါစို့ .....

Read More

  07/ Jun/ 2021

ခြေနှစ်ဖက်ဆုံးရှုံးကာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သူ အမျိုးသားတစ်ဦးကို သူနာပြုတပ်ဖွဲ့ ဝင်များမှ ရှေးဦးပြုပေးခဲ့ကြပြီး ဆေးရုံသို့ အသင်းခွဲပိုင် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေး

ဇွန်လ (၆) ရက်နေ့က ရှမ်းပြည်နယ် ( မြောက်ပိုင်း) ၊ ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာတွင် ဂတ်(စ်) အိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခြေနှစ်ဖက်ဆုံးရှုံးကာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သူ အမျိုးသားတစ်ဦးကို ကွမ်းလုံကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဝင်များမှ ရှေးဦးပြုပေးခဲ့ကြပြီး ကွမ်းလုံပြည်သူ့ဆေးရုံသို့ အသင်းခွဲပိုင် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပါတယ်။

Read More

  07/ Jun/ 2021

မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့သည် ဆမီးနှင့် ပလက်ဝတို့တွင် လာရောက်ခိုလှုံနေကြသည့် ထိုမိသားစုများထံသို့ သွားရောက်ကူညီရန် ပူးတွဲလုပ်ငန်းတစ်ခုကို စတင်ခဲ့ပါသည်

ချင်းပြည်နယ်တောင်ဘက်ပိုင်းတွင် နေထိုင်ကြသည့် ထောင်ပေါင်းများစွာသောမိသားစုများသည် မိမိတို့နေအိမ်ကို စွန့်ခွာနေထိုင်ခဲ့ရသည်မှာ ၁၃လ ကြာမြင့်ခဲ့ပြီဖြစ်သကဲ့သို့ မိုးရာသီလည်းကျရောက်တော့မည် ဖြစ်သည်နှင့်အမျှ ၎င်းတို့၏ ဘေးဖြစ်နိုင်ခြေများ အလွန်မြင့်မားလျက်ရှိနေသည့်အပြင် အကူအညီအထောက်အပံ့များလည်း အလွန်အမင်း လိုအပ်လျက် ရှိပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့သည် ဆမီးနှင့် ပလက်ဝတို့တွင် လာရောက်ခိုလှုံနေကြသည့် ထိုမိသားစုများထံသို့ သွားရောက်ကူညီရန် ပူးတွဲလုပ်ငန်းတစ်ခုကို စတင်ခဲ့ပါသည်။
မိမိတို့ ၂ဖွဲ့အတူတကွပူးပေါင်းကာ အိမ်ထောင်စု ၂၀၀၀ နီးပါးအတွက် ငွေကြေးအထောက်အပံ့ ပံ့ပိုးပေးခဲ့ပြီး နေထိုင်ရန်အမိုးအကာ(ယာယီတဲ) ၁၈၀၀ လုံးအား ပြန်လည်ပြင်ဆင်နိုင်ရန် နှင့် ပြန်လည်ဆောက်လုပ်နိုင်ရန် လိုအပ်သည့် ပစ္စည်းများကိုလည်း ပံ့ပိုးပေးခဲ့ပါသည်။ ထို့အတူ ဆမီးရှိ နေရပ်စွန့်ခွာလာသော ရပ်ရွာလူထုအတွက် ရေရရှိမှု သေချာစေရန် ရေစုပ်စက်နှင့် လောင်စာဆီကိုလည်း လှူဒါန်းခဲ့ပါသည်။ မိုင်းဧရိယာတွင် ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များကို ရပ်ရွာလူထုအား သတိပေးရန် မြေစိုက်ပိုစတာကြီးများ စိုက်ထူပေးခြင်းနှင့်အတူ လူပေါင်း ၇၀၀ အတွက် မြေမြှုပ်မိုင်းနှင့် ပတ်သက်သည့် ဘေးအန္တရာယ်များဆိုင်ရာ အသိပညာဟောပြောပွဲများလည်း ကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့သည် ပြီးခဲ့သည့်နှစ်မှစတင်ကာ ချင်းပြည်နယ်ရှိ နေရပ်စွန့်ခွာမိသားစုများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပံ့ပိုးလျက်ရှိပါသည်။
“နေရပ်စွာခွာနေထိုင်ရတာ တစ်နှစ်ကျော်လာပြီဆိုတော့ ဒီစခန်း၁၁ ခုမှာရှိတဲ့ တဲတွေတော်တော်များများလည်း ပျက်စီးနေကြပြီ၊ မိုးဒဏ်လည်းခံနိုင်မှာမဟုတ်တော့ဘူး။” ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ချင်းပြည်နယ်အတွက်လုပ်ငန်းဆောင်ရွက်မှုတာဝန်ခံ ဒေါ်အေးအေးငြိမ်းက ပြောပါသည်။
“ပဋိပက္ခဒဏ်ခံနေရတဲ့ မိသားစုတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကျော်လွှားသွားနိုင်ဖို့ သူတို့ကို ခွဲခြားမှုမရှိဘဲ ဆက်လက်ကူညီပေးသွားဖို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့အတူ ကျွန်တော်တို့ ဆောင်ရွက်သွားမယ်” ဟု ICRC အဖွဲ့၏ ချင်းပြည်နယ်အတွက်လုပ်ငန်းဆောင်ရွက်မှုတာဝန်ခံ Olivier Dorighel က ပြောပါသည်။
------------------------------------------
After 13 months of displacement and with the rainy season around the corner, thousands of families who fled their homes in southern Chin State remain extremely vulnerable and in dire need of assistance. The Myanmar Red Cross Society (MRCS) and the International Committee of the Red Cross (ICRC) set up a joint operation to reach those families seeking shelter in Samee and Paletwa. Together, we provided cash assistance to nearly 2000 households and materials to renovate and rebuild 1800 shelters. We also donated engine pumps and fuel in Samee to secure access to water for displaced communities. Mine risk awareness sessions were conducted for more than 700 people, with billboards being installed to warn communities of the danger posed by mined areas.
The MRCS together with ICRC have been providing humanitarian assistance to displaced families in Chin State since last year.
“After more than one year of displacement, most of the shelters across the 11 camps were extremely deteriorated and unable to withstand a monsoon,” said Aye Aye Nyein, MRCS Chin Operation.
“Along with the MRCS, we will continue to help families affected by conflict, without discrimination – seeking to help them cope with the challenges they are facing,” stated Olivier Dorighel, ICRC Operations Manager for Chin.

Read More

  07/ Jun/ 2021

ကျိုက်မရောမြို့နယ်ကြက်ခြေနီ အသင်းခွဲမှ  ကျိုက်မရောမြို့နယ် ရပ်ကွက်များများရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ရေသိုလှောင်ကန်များတွင် အဘိတ်ဆေးထည့်ခြင်း၊ ခြင်ကျားလောက်လမ်း နှိမ်နင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်

ယခုလ (၅) ရက်နေ့က ကျိုက်မရောမြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များဟာ ကျိုက်မရောမြို့နယ် ရပ်ကွက်များများရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ရေသိုလှောင်ကန်များတွင် အဘိတ်ဆေးထည့်ခြင်း၊ ခြင်ကျားလောက်လမ်း နှိမ်နင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး (Dengue Virus) သယ်ဆောင်ထားသော နေ့အချိန်တွင် ကိုက်လေ့ရှိသည့် ခြင်ကျား အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီ၌ အများဆုံးဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်က ထုတ်ပြန်ထားသည့် အချက်အလက်များအရ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ ဇူလိုင်လ (၁၁) ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း (၄၁၂၁) ဦး၊ သေဆုံးသူပေါင်း (၃၂) ဦးရှိခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ဟာ သွေးလွန်တုပ်ကွေးရောဂါအဖြစ်အများဆုံး ဒေသများဖြစ်ကြောင်း သိရပါတယ်။
အများပြည်သူများအနေဖြင့် နေအိမ်နှင့် ပတ်ဝန်းကျင်များတွင် ရက်သတ္တပတ် တစ်ပတ်လျှင် (၁) ကြိမ် ခြင်ကျားလောက်လမ်းရှာဖွေပြီး လောက်လမ်းပေါက်ဖွားမှု လုံးဝမရှိအောင် ရေများကို "ဖုံး၊သွန်၊လဲ၊စစ်" ဆောင်ရွက်ခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင်ကာကွယ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

Read More

  07/ Jun/ 2021

သင့်သွေးလှူပြီး အသက်ပေါင်းများစွာကို ကယ်နိုင်တယ်

သင့်သွေးလှူပြီး အသက်ပေါင်းများစွာကို ကယ်နိုင်တယ်။ 🩸🩸
ယနေ့ပဲ သွေးလှူလိုက်ကြရအောင်နော်။ 💁‍♀️💁‍♂️

Read More

  06/ Jun/ 2021

ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး (နည်းပြ)သင်တန်းဖွင့်လှစ်

ရန်ကုန်၊ ဇူလိုင်လ (၅) ရက်နေ့
မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှပြုလုပ်‌သော ရပ်ရွာ လူထု အခြေပြုဘေးအန္တရာယ်လျော့ပါးရေး(နည်းပြ)သင်တန်းဖွင့်ပွဲကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင်ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်နှင့် အချိန်ပြည့်အလုပ်အမှုဆောင်များ၊ ဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားအဖွင့်အမှာစကားကို အသင်းဥက္ကဌမှ ပြောကြားခဲ့ပြီး အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ရပ်ရွာဒေသနှင့် လိုက်လျော ညီထွေရှိသောအစီအစဉ်များရေးဆွဲခြင်းဖြင့် ပိုမိုလုံခြုံ စိတ်ချရပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ရပ်ရွာလူထုများဖြစ်လာစေရေး အတွက် ရည်ရွယ်ကာ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းကို UNHCR ၏ပံ့ပိုးမှုဖြင့် ဇူလိုင်လ(၅)ရက်နေ့မှ ဇူလိုင်လ(၉)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ စီမံချက်ညှိနှိုင်းရေးမှူးများ၊ ကွင်းဆင်းအရာရှိများနှင့် ကြီးကြပ်ရေးမှူးများ စုစုပေါင်း(၂၁)ဦးတက်ရောက်ကြမည်ဖြစ်ပါသည်။

Read More