05/ Dec/ 2020
တာချီလိတ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဥာဏ်မြင့်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ဆန်ဆိုင်း အခြေခံပညာအထက်တန်းကျောင်း၊ တာလော့ အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် ပုန်းထွန်အခြေခံပညာကျောင်းများတွင်ဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ကိုဗစ်၁၉ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ ပိုးတွေ့လူနာများနေထိုင်ခဲ့သော အခန်းများနှင့် ပတ်ဝန်းကျင်၊ အသုံးအဆောင်ပစ္စည်းများအား ပိုးသတ်ဆေးဖြန်းခြင်း၊ စနစ်တကျစွန့်ပစ်ခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
05/ Dec/ 2020
ဒီဇင်ဘာလ ၅ ရက်နေ့က ကျိုက်မရောမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကျိုက်မရောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား အသိပညာပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
04/ Dec/ 2020
ဒီဇင်ဘာလ ၄ ရက်နေ့က ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖြန့်ဝေပေးပြီး လက်ဆေးစေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဘုရားသုံးဆူမြို့မှ ဦးမြင့်နိုင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။
04/ Dec/ 2020
သူတို့တွေကတော့ ကျွန်ုပ်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေဖြစ်ပြီး……….
ဆောင်ရွက်ကြတာကတော့ လူမှုကရုဏာလုပ်ငန်းတွေပေါ့………..
အခုလို ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်မှာ မိဘပြည်သူတွေကို ရောဂါနဲ့ပတ်သက်ပြီးအသိပညာပေးတာတွေ၊ အခြေအနေတွေကို သတိပေးတာတွေ၊ ဆောင်ရွက်ဖို့လိုအပ်တဲ့အရာတွေကို နှိုးဆော်တိုက်တွန်းတာတွေ ဆောင်ရွက်နေကြတဲ့ သူတို့ကို လမ်းတွေ၊ ဈေးတွေနဲ့ ရုပ်မြင်သံကြားတွေမှာ တွေ့မြင်နိုင်မှာပါ။
ဒါကတော့ ပဲခူးတိုင်းဒေသကြီး၊မိုးညိုမြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေပါ...
သူတို့လိုပဲ မြန်မာပြည်အနှံ့အပြားမှာရှိနေကြတဲ့ ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ရောဂါကာကွယ်ရေးအတွက် ပြည်သူလူထုကို နှိုးဆော်နေကြသလို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွေနဲ့ ကိုဗစ်ကုသရေးစင်တာတွေမှာလည်း တက်ကြွစွာကူညီနေကြပါတယ်။
လူမှုဝန်ထမ်းစိတ်အပြည့်နဲ့ ရှေ့တန်းကနေ မိဘပြည်သူတွေအတွက် အဆင်သင့်ရှိနေကြတဲ့ ကျွန်ုပ်တို့ရဲ့ သူရဲကောင်းတွေကို လက်ခုပ်တီးပြီး အားပေးဂုဏ်ပြုလိုက်ရအောင်။
04/ Dec/ 2020
ဒီဇင်ဘာလ ၄ရက်နေ့က မိုင်းယောင်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ပိုးတွေ့လူနာ၃ဦးကို မိုင်းယောင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ရာမှာ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေနဲ့အတူ ပူးပေါင်းကူညီပေးခဲ့ကြပါတယ်။
03/ Dec/ 2020
၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၃ရက်နေ့က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ တော်ဝိအခြေခံပညာအထက်တန်းကျောင်းနှင့် ပိန်းဇလုပ်အခြေခံပညာအထက်တန်းကျောင်းများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနမှ ပေးပို့လှူဒါန်းသော ခြေနင်းလက်ဆေးဘေစင်များကို ညောင်လေးပင်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးဝင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်လွှဲပြောင်းပေးခဲ့ကြရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမကြီးများက လက်ခံရယူခဲ့ကြသည်။
02/ Dec/ 2020
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဒီဇင်ဘာလ ၂ ရက်နေ့က ဟိုပုံးမြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဌ ဦးကျော်စွာအောင်နိုင်ဟိန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှေ့တွင် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခဲ့ကြသည်။
02/ Dec/ 2020
ဒီဇင်ဘာလ ၂ရက်နေ့က ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် စည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များနှင့်ဈေးဝယ်လာရောက်ကြသူများကို ကိုဗစ် ၁၉ရောဂါကာကွယ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများမဖြစ်မနေဝတ်ဆင်ရေးလှုပ်ရှားမှုအဖြစ် နှာခေါင်စည်း ၇၅၀ ခုအား အခမဲ့ပေးဝေခြင်းတို့ကို ကျောက်ကြီးမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက မြို့နယ်ကိုဗစ်၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
02/ Dec/ 2020
ဒီဇင်ဘာလ ၂ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်း၊ လက်ဆေးဆပ်ပြာများဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဦးဇေယျာမိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့အတူ ဒုံသမိစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဒေါ်တင်မာနွယ်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ဒုံသမိတံတားပိတ်ဆို့ရှာဖွေရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။