22/ Feb/ 2022

မွန်ပြည်နယ်တွင် ကြက်ခြေနီက လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

COVID-19 ရောဂါကူးစက်မှုနှုန်း မြင့်တက်လာသည်နှင့်အမျှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ရောဂါကူးစက်မှုလျော့ချရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် COVID-19 ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများအား သီးသန့်လူနာဆောင် (Isolation Ward)သို့ ပို့ဆောင်ပေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း စသည့်လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှစတင်၍ ကျိုက်ထိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင် (၁၄)ဦးတို့သည် သိမ်ဇရပ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးတွေ့ ရှိသူများအား သီးသန့်လူနာဆောင် (Isolation Ward) သို့ ပို့ဆောင်ပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်အား ပိုးသတ်ဆေးဖြန်းခြင်း၊ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါသည်။
အလားတူ သထုံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၆)ဦးတို့သည်လည်း သထုံမြို့နယ် ကြာပန်းကျေးရွာမှ ဖျားနေသော သံဃာတော်များအား COVID-19 ရောဂါပိုးစစ်ဆေးရန် ခရိုင်ဆေးရုံသို့ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခြင်း၊ ပိုးတွေ့သံဃာတော်များအား သီးသန့်လူနာဆောင် (Isolation Ward) သို့ပို့ဆောင်ပေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် ပေါင်မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်လူနာဆောင်(Isolation Ward) တွင် ထားရှိသော ပိုးတွေ့လူနာများအတွက် နေရာထိုင်ခင်း၊ အစားအသောက်၊ ဆေးဝါး၊ အောက်ဆီဂျင်ရရှိရေးနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းတို့ကို မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၂)ဦးက နေ့စဉ် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အတူ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံမှ COVID-19 လူနာများအား လိုအပ်ချက်အရ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်းနှင့် သီးသန့်လူနာဆောင်(Isolation Ward)အတွင်း လိုအပ်သည့် အထွေထွေကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှစ၍ သံဖြူဇရပ်မြို့နယ်ရှိ အခြေခံပညာအထက်ကျောင်း (၆) ကျောင်းတွင် COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး မျက်နှာအကာ၊ လက်ဆေးဆပ်ပြာဆီနှင့် လက်သန့်ဆေးရည်များ ဖြန့်ဝေပေးခဲ့ပါသည်။
ထို့နောက် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ကျိုက္ခမီမြို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂၀)ဦးတို့သည် ရပ်ကွက်နှင့်ကျောင်းများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ အသိပညာပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့မှုရှိသူများအား ရောဂါပိုးစစ်ဆေးပေးခြင်း၊ ပို့တွေ့ရှိသူများအား ကြက်ခြေနီလူနာတင်ယာဉ်များဖြင့် သီးသန့်လူနာဆောင် (Isolation Ward) သို့ ပို့ဆောင်ကူညီပေးခဲ့သည်။ ထို့အတူ ကျိုက္ခမီဆေးရုံမှ လူနာများအား လိုအပ်ချက်အရ သံဖြူဇရပ်နှင့် မော်လမြိုင်ဆေးရုံများသို့ ပို့ဆောင်ပေးခြင်းနှင့် အခြားသော အထွေထွေကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အပြင် မုဒုံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။

Read More

  22/ Feb/ 2022

ရှမ်းပြည်နယ်တောင်ပိုင်းနေရပ်စွန့်ခွာစခန်းများတွင် ကြက်ခြေနီက သောက်ရေနှင့် သုံးရေများ ဆက်လက်ဖြန့်ဝေပေးလျက်ရှိ

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ WASH ယူနစ်မှ ရှမ်းပြည်နယ်တောင်ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ပူးပေါင်းကာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (16)ရက်နေ့မှစတင်ပြီး တောင်ကြီးမြို့နယ်ရှိ နေရပ်စွန့်ခွာစခန်း (41)ခုမှ ပြည်သူပေါင်း (8356)ဦးအတွက် အရေးပေါ်လိုအပ်သည့် သောက်ရေ၊သုံးရေများကို ဝယ်ယူဝေငှပေးလျက်ရှိရာ တစ်ရက်လျှင် လူတစ်ဦးအတွက်(15)လီတာနှုန်းဖြင့် လျာထားဖြန့်ဝေပေးလျက်ရှိနေပါသည်။

Read More

  21/ Feb/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် “Emergency Medical Service – First Responder Training” ဖွင့်ပွဲအခမ်းအနားတက်ရောက်

ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဆွီဒင်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော “Emergency Medical Service – First Responder Training” ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ကျောင်းကြီးလမ်း၊ Humanitarian သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဆွီဒင်နိုင်ငံကြက်ခြေနီအသင်းမှ ဌာနေကိုယ်စားလှယ် Mr. Rico Wallenta က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကျော်မိုးကြည်က အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ဥက္ကဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူ၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဆွီဒင်နိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းတက်ရောက်မည့် ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ပါသည်။
ယခုဖွင့်လှစ်သော သင်တန်းကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ (၂၆) ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၇) မြို့နယ်မှ သင်တန်းသား/သူ (၂၁) ဦးတက်ရောက်မည်ဖြစ်ပါသည်။

Read More

  21/ Feb/ 2022

မူဆယ်တွင် ကြက်ခြေနီက COVID 19 ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

မူဆယ်မြို့နယ်တွင် COVID 19ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များက မူဆယ်မြို့မဈေးနှင့် အနီးတဝိုက်ရှိ လမ်းသွားလမ်းလာများအား နှာခေါင်းစည်းဝတ်ဆင်ရန်နှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းနှင့် ကိုဗစ်ရောဂါကာကွယ်ရေးလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များပါရှိသော လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့ ပြုလုပ်ရာတွင် မူဆယ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မူဆယ်မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ စေတနာလုပ်အားရှင်များပူးပေါင်းကာ ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိ ၃ရက်တာ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။  

Read More

  19/ Feb/ 2022

ကျောက်တံခါးမြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ ကျင်းပ

ကျောက်တံခါး၊ ဖေဖော်ဝါရီလ (၁၉)ရက် ။
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့က ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို မြို့ချောင်းကျေးရွာအုပ်စု၊ ဒညင်းကုန်းဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပဲခူးတိုင်းကြက်ခြေနီဒုတိယတပ်ဖွဲ့မှူးဦးသိမ်းအောင်က အမှာစကားပြောကြားပြောကြားခဲ့ပြီး သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကာ ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ပါသည်။
အခမ်းအနားကို ပဲခူးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။

Read More

  18/ Feb/ 2022

ကရင်ပြည်နယ်တွင် နေရပ်စွန့်ခွာပြည်သူများအား ကြက်ခြေနီက ဆက်လက်ကူညီထောက်ပံ့

ယမန်နေ့ ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှာ ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီက တာဝန်ရှိသူတွေနဲ့ မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲက ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့မှ ပေးပို့ထောက်ပံ့လာတဲ့ အသုံးအဆောင်ပစ္စည်းတွေကို မင်းလက်ပံကျေးရွာအုပ်စု ဖလူးကြီး၊ဖလူးလေးကျေးရွာများမှ နေရပ်စွန့်ခွာပြည်သူများအတွက် သွားရောက် ဖြန့်ဝေ ပေးခဲ့ကြပါတယ်။
ထိုသို့ ဘုရားကုန်းယာယီနေရပ်စွန့်ခွာစခန်း သို့ သွားရောက်ဖြန့်ဝေပေးရာမှာ အိမ်ထောင်စု (၁၅၀)စုအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၅၀)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၆၆)စုံ၊ ခြင်ထောင် (၁၅၀)ထည်၊ စောင် (၁၅၀)ထည်၊ တာပေါ်လင် (၁၅၀)ချပ်၊ ပလပ်စတစ်ဖျာ (၁၅၀)ချပ်၊ ရေပုံး (၁၅၀)လုံး၊ ပါးစပ်နှင့် နှာခေါင်းစည်း (၁၅၀)ဗူး၊ လက်သန့်စင်ဆေးရည် (၁၅၀)ဗူး၊ COVID 19 Prevention Kit (၅၀)စုံ တို့ကို ထောက်ပံ့ ပေးနိုင်ခဲ့တဲ့အပြင် နေရပ်စွန့်ခွာပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများနှင့်အတူ မိုင်းအန္တရာယ်နဲ့ COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများကိုလည်း ပြုလုပ်ပေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကလည်း မြဝတီမြို့နယ်၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ (၅)ဘတ်ဂိတ်နဲ့ (၁၀)ဘတ်ဂိတ် နေရပ်စွန့်ခွာစခန်းတွေက နေရပ်စွန့်ခွာပြည်သူပေါင်း (၁,၁၆၁)ဦး အိမ်ထောင်စု(၃၀၇)စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့က ပေးပို့ထောက်ပံ့တဲ့ အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့ ခြင်ထောင်(၃၁၈)လုံး၊ စောင်(၂၀၆)ထည်၊ ပလပ်စတစ်ဖျာ (၂၀၆)ချပ်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံး ပစ္စည်း (၂၀၆)စုံ၊ ဂျယ်ရီကန် (၂၀၆)ခု၊ တာပေါ်လင် (၄,၁၂၀)စ၊ နိုင်လွန်ကြိုး (၄,၁၂၀)ခွေ၊ ရေသန့် ဆေးပြား (၁၁,၇၀၀)၊ နှာခေါင်းစည်း (၂၀၆)ဗူး၊ လက်သန့်စင်ဆေးရည် (၁၈၁)ဗူး၊ ဓါတ်ဆား (၁၃၀)၊ ရေစစ် (၂၄၆)လုံး တို့ကို ပထမအကြိမ် ထောက်ပံ့ပေးခဲ့ပြီး မဲထော်သလေးကျေးရွာမှာ အခြေခံစားသောက်ကုန် ဆန် (၇၂၀)ပြည်နှင့် သောက်သုံးရေအတွက်မီးစက်ဖြင့်ရေတင်နိုင်ရန် ဓါတ်ဆီ (၈၀)လီတာတို့ကိုလည်း ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီက သွားရောက်ထောက်ပံ့ခဲ့ကြပါတယ်။
“ကြက်ခြေနီက အထောက်အပံ့ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါမျိုးက ကောင်းကောင်း မွန်မွန် မရခဲ့ဘူး၊ အခုလို ခြင်ထောင်၊ စောင်၊ မိုးကာနဲ့ တခြားအသုံးအဆောင်တွေလာပေးလို့ ကျေးဇူးတင်မိပါတယ်၊ ဒါတွေက ကျန်းမာရေးအတွက်လည်း အထောက်အကူတစ်ကယ်ဖြစ်တယ်လေ” လို့ ယာယီနေရပ်စွန့်ခွာစခန်းမှ ပြည်သူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်အနေနဲ့ ကြက်ခြေနီတွေကို တစ်ကယ်ကိုပဲ ကျေးဇူးတင်မိတာပါ၊ သူတို့လုပ်နေတဲ့ အလုပ် တွေကိုလည်း ဂုဏ်ယူမိတယ်၊ ဝမ်းလည်းသာပါတယ်၊ သူတို့ရှိနေလို့ ကျွန်တော်တို့အခုလို အကူအညီရတာ၊ ကျွန်တော်တို့ ဒီဘက်မှာက ငှက်ဖျားပေါပြီး ဆေးဝါးနဲ့အစားအသောက်မဖူလုံတာတွေလည်း ဖြစ်နေကြတာလေ” ဟုလည်း ထပ်မံပြောကြားခဲ့ပါတယ်။
ကြက်ခြေနီစေတနာ့လုပ်အားရှင်တွေဟာ ရပ်ရွာလူထု ဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရချိန်တိုင်းမှာ တတ်စွမ်း သရွေ့ ကူညီထောက်ပံ့ပေးနိုင်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပြီး နိုင်ငံတဝန်း နေရာအနှံ့အပြားမှာ လူမှုကရုဏာ အကူအညီတွေကို အခြေခံမူ (၇)ချက်နဲ့အညီ ဆောင်ရွက်ပေးနေကြတာကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။

Read More

  18/ Feb/ 2022

ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်မှုများ

COVID-19ရောဂါ ကူးစက်မှု ပြန်လည်မြင့်တက်လာသည့် ယခုသီတင်းပတ်များအတွင်း ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာလည်း လူမှုကရုဏာလုပ်ငန်းဆောင်ရွက်မှုတွေကို ပိုမို အရှိန်အဟုန်မြင့်ဆောင်ရွက်လာကြရပါတယ်။
နေရာဒေသအသီးသီးမှာ ရပ်ရွာလူထုရဲ့လူမှုကရုဏာအကူအညီလိုအပ်မှုပုံစံတွေ ကွဲပြားကြတာကြောင့် ကြက်ခြေနီတွေအနေနဲ့ ကျရာနေရာကနေ လိုအပ်တာတွေကို တတ်စွမ်းသရွေ့ဖြည့်ဆည်းဆောင်ရွက်ပေးနေကြတာပဲဖြစ်ပါတယ်။
ကျွန်ုပ်တို့ကြက်ခြေနီစေတနာလုပ်အားရှင်တွေရဲ့ နိုင်ငံတဝန်းမှာ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်ပေးနေကြပုံကို အောက်ပါဓါတ်ပုံများမှတစ်ဆင့် ဖော်ပြပေးလိုက်ရပါတယ်။

Read More