11/ Feb/ 2022

ပြည်ထောင်စုနယ်မြေနေပြည်တော် ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လူမှုကရုဏာအကူအညီများ

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သစ်ထုတ်လုပ်ရေးဝန်ထမ်းအိမ်ရာမှ မီးလောင်ကာ နေအိမ်ဆုံးရှုံးခဲ့သော အိမ်ထောင်စု (၁) စုအတွက် မိသားစုသုံးပစ္စည်း (၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁)စုံနှင့် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁)စုံတို့ကို နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးအောင်ချိုနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
ဖေဖော်ဝါရီလ (၅) ရက်နေ့ကလည်း ပျဉ်းမနားဘိုးဘွားရိပ်သာ၊ အေးငြိမ်းချမ်းသာဘိုးဘွားရိပ်သာနှင့် နေပြည်တော်သဘာဝတရားရိပ်သာသို့ နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များ၊ ကာဘော်လစ်ဆပ်ပြာများနှင့် မုန့်များကို သွားရောက်လှူဒါန်းခဲ့ပါသည်။ ထို့အတူ COVID-19 ရောဂါကာကွယ်ရေးအတွက် ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာများတွင် အသိပညာပေးပိုစတာများနှင့် ဗီနိုင်းများကို ကပ်ပေးခြင်းဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ မြို့နယ်အသီးသီးမှ ယာဉ်မတော်တဆဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၆)ဦးနှင့် ရောဂါအမျိုးမျိုးကြောင့် ဆေးကုသမှုခံယူမည့်သူ (၂)ဦးအား နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင် (၁၀၀၀) သို့ ကြက်ခြေနီစေတနာလုပ်အားရှင်များက မြို့နယ်လူမှုကူညီရေးပရဟိတအသင်းများနှင့် ပူးပေါင်းပို့ဆောင်ပေးခဲ့ပါသည်။

Read More

  31/ Jan/ 2022

𝑯𝒐𝒓𝒄 (𝑯𝒑𝒂_𝑨𝒏 𝑶𝒓𝒕𝒉𝒐𝒑𝒂𝒆𝒅𝒊𝒄 𝑹𝒆𝒉𝒂𝒃𝒊𝒍𝒊𝒕𝒂𝒕𝒊𝒐𝒏 𝑪𝒆𝒏𝒕𝒆𝒓 – 𝑯𝑶𝑹𝑪)

ကိုယ်ခန္ဓာလှုပ်ရှားဖို့အတွက်ဆိုရင် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ ခြေ၊လက်အင်္ဂါတွေဟာ အဓိက ပံ့ပိုး ထောက်ပံ့ပေးရတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ အစိတ်အပိုင်းတွေ မတော်တဆ ထိခိုက်မိပါက ထိခိုက်မှု အနည်းအများပေါ် မူတည်ပြီး ခြေ၊လက်တွေရဲ့ လုပ်ဆောင်နိုင်မှု ယာယီ ရပ်ဆိုင်း သွားတဲ့အခါမျိုးတွေ၊ အဆင်မပြေမှုနဲ့ လိုက်လျောညီထွေ မဖြစ်တာတွေကို ကြုံတွေ့ခံစားဖူးကြမှာပါ။
အကြောင်းရင်းတစုံတရာကြောင့် ခြေ၊လက်တွေကို အပြီးတိုင် ဆုံးရှုံးလိုက်ရသူတွေ အတွက် ဆိုရင်တော့ ဘဝမှာ ကြီးမားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ ကြရမှာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်ခံစားကြရမှာ မလွဲမသွေဖြစ်ပါတယ်။ ခြေ၊လက်အင်္ဂါဆုံးရှုံး လိုက်ရသူ အများစုက လက်နက်ကိုင်ပဋိပက္ခအပါအဝင် မိုင်းနဲ့ ပေါက်ကွဲစေတတ်သော လက်နက် အကြွင်း အကျန်များကြောင့် ဆုံးရှုံးလိုက်ကြရသူတွေ ဖြစ်ပါတယ်။
ဒီလို ခြေလက်အင်္ဂါ ဆုံးရှုံးသွားသူတွေအတွက် ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ဘားအံ ခြေတု လက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးစင်တာ 𝑯𝒐𝒓𝒄 (𝑯𝒑𝒂_𝑨𝒏 𝑶𝒓𝒕𝒉𝒐𝒑𝒂𝒆𝒅𝒊𝒄 𝑹𝒆𝒉𝒂𝒃𝒊𝒍𝒊𝒕𝒂𝒕𝒊𝒐𝒏 𝑪𝒆𝒏𝒕𝒆𝒓 – 𝑯𝑶𝑹𝑪) ကို ၂၀၀၃ ခုနှစ်ကတည်းက စတင် ဖွင့်လှစ်ခဲ့ပြီး ခြေလက်အင်္ဂါ ဆုံးရှုံးသွားသူများအတွက် လိုအပ် တဲ့ ခြေတု၊ လက်တုများ၊ အားပြုကိရိယာ (သို့) ဘီးတပ်ကုလားထိုင်များကို အခမဲ့ ထောက်ပံ့ပေးလျှက်ရှိပြီး အရည်အသွေးပြည့်မီတဲ့ စောင့်ရှောက်မှုပေးနိုင်ဖို့ ကျွမ်းကျင် ဝန်ထမ်းတွေ၊ အကြော အဆစ်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကူညီဆောင်ရွက်ပေးနေကြပါတယ်။
“ဒါက ကြက်ခြေနီရဲ့ မွန်မြတ်တဲ့ အလုပ်တစ်ခုပါ။ ကျမအနေနဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးလိုက်ရသူတွေကို မသန်ပေမဲ့ စွမ်းနိုင်ဖို့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အတတ်နိုင်ဆုံး စိတ်ရင်းနဲ့ ကူညီပေးချင်လို့ တခြားအလုပ်တွေကို မပြောင်းဖြစ်တော့ဘဲ ဒီအလုပ်မှာပဲ ၁၈နှစ်ကြာ လုပ်ဆောင်ပေးနေတာပါ” လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘားအံခြေတုလက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌာနမှာ လက်ရှိ မန်နေဂျာ တာဝန်ထမ်းဆောင်နေသူ မကျော့သီတာအောင်က ပြောပြခဲ့ပါတယ်။
ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန အနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ စီမံချက် ဧရိယာများ ဖြစ်ကြတဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး စတဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး(၅)ခုက ခြေတုလက်တု လိုအပ်နေသူများကို အသစ်ပြုလုပ်ခြင်း၊ ပြုပြင်တပ်ဆင်မှုများ ပြုလုပ်ပေးလျက်ရှိပြီး နွေရာသီကျောင်းပိတ်ရက်မှာ ကလေးများ အတွက် ခြေတု တပ်ဆင်ရေးအစီအစဉ်၊ နယ်လှည့်ခြေတုတပ်ဆင်ရေးအစီအစဉ်၊ ရပ်ရွာအခြေပြု အသေးစား ခြေတု ပြုပြင် ရေး အစီအစဉ် တွေကို ဝန်ဆောင်မှုများပေးလျက်ရှိနေကြပါတယ်။
ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနကို ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့ပြီး ဝန်ဆောင်မှုစတင်သည့်အချိန်မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်နေ့အထိ စီမံချက် ဧရိယာ အတွင်းမှာရှိတဲ့ ခြေလက်အင်္ဂါမသန်စွမ်းသူပေါင်း (၈၃၀၄) ဦးကို ခြေတု (၁၁၈၆၈)ခု၊ လက်တု (၂၆၂)ခု၊ အားပြုကိရိယာ (၇၈၈)ခု၊ ချိုင်းထောက်/လက်ထောက် (၁၈၆၈၇)ခု၊ ဘီးတပ်ကုလားထိုင် (၅၁၉)ခု၊ ခြေဖဝါးတု (၂၂၂၀၇)ခု တို့ကို အခမဲ့ ထောက်ပံ့ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဒီလို ကိုယ်အင်္ဂါပြန်လည်သန်စွမ်းဖို့ အကူအညီလိုအပ်နေသူများအတွက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းက မွန်မြတ်လှတဲ့ ကြက်ခြေနီလှုပ်ရှားမှုများဖြင့် ကြိုးစားကူညီဆောင်ရွက်ပေးလျှက်ရှိနေပါတယ်။

Read More

  31/ Jan/ 2022

ရှေးဦးပြုစုသူရဲကောင်းများ ကျောင်းနှင့်ရပ်ရွာမှာမွေးထုတ်ထား

“ရှေးဦးပြုစုခြင်း” ဆိုတာ ဒဏ်ရာရရှိသူ သို့မဟုတ် နာမကျန်းဖြစ်နေသူကို ဆေးရုံ/ဆေးခန်းသို့ မရောက်မီ ခံစားနေရသော ဝေဒနာသက်သာအောင် ရှေးဦးစွာပြုစုကူညီပေးခြင်းသာမက ဝေဒနာခံစားနေရ၍သော်လည်းကောင်း၊ ဒဏ်ရာအခြေအနေကို ကိုယ်တိုင်မြင်တွေ့ရ၍သော်လည်းကောင်း ဖြစ်ပေါ်လာသည့် စိတ်လှုပ်ရှားဖိစီးမှုအတွက် စိတ်ပိုင်းဆိုင်ရာကိုလည်း အားပေးကူညီနိုင်ပါတယ်။ ရှေးဦးပြုစုခြင်းပညာရပ် တတ်မြောက်ထားလျှင် မိမိကိုယ်တိုင်၊ မိမိမိသားစုနှင့် မိမိပတ်ဝန်းကျင်မှ ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုခြင်းနည်းလမ်းများဖြင့် ကူညီနိုင်ပါတယ်။
ဒါကြောင့် ကျောင်းနှင့်ရပ်ရွာတွေမှာ ရှေးဦးပြုစုခြင်းပညာရပ်များကို ဆွေးနွေးပို့ချကာ ရှေးဦးပြုစုသူရဲကောင်းများ မွေးထုတ်ကြပါစို့။

Read More

  30/ Jan/ 2022

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

ရှမ်းပြည်နယ်တောင်ပိုင်းက နေရပ်စွန့်ခွာစခန်းတွေကိုရောက်ရှိလာတဲ့ နေရပ်စွန့်ခွာပြည်သူတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက တာဝန်ရှိသူတွေနဲ့အတူ ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ကူညီဖေးမထောက်ပံ့ပေးနေတာပါ။
ဇန်နဝါရီလ (၂၈)ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနဲ့ဆီဆိုင် မြို့နယ်တွေက နေရပ်စွန့်ခွာစခန်းတွေမှာရှိတဲ့အိမ်ထောင်စုတွေအတွက် ထပ်မံသွားရောက်ထောက်ပံ့ပေးဖို့ သွားရောက်ခဲ့ကြပါတယ်။
ထောက်ပံ့ရာမှာ အိမ်ထောင်စု (၅၄၆ စု) အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ(အရေးပေါ်) (၃၈၄)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည် သန့်ရှင်းရေး သုံးပစ္စည်း ( ၂၃၃)စုံ၊ နှာခေါင်းစည်း( ၃၂၉ )ဗူး၊ လက်သန့်စင်ဆေးရည် (၈၀၃ ) ဗူး၊ စောင် (၆၀၉)ထည်၊ ခြင်ထောင် (၅၇၈ )လုံး၊ ရေချိုးဆပ်ပြာ (၂၆၂)ခု၊ တာပေါ်လင်(၈၈)ခု၊ တစ်ကိုယ်ရေသန့်ရှင်းရေးအစုံ(၁၂၆)စုံ၊ ဆိုလာ မီးအိမ်(၁၄၀)၊ ဂျယ်ရီကန်(၁၃၉)ခု၊ ကြိုး (၄၃)ခွေ၊ ယာယီအိမ်သာပစ္စည်း(၂) ခု၊ သန့်ရှင်းရေးကိရိယာအစုံ(၂)စုံကိုပေးအပ်ခဲ့ကြပြီး စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများကိုလည်း ပြုလုပ်ပေးခဲ့ကြပါတယ်။

Read More

  29/ Jan/ 2022

ပြည်သူလူထုမှ ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် တယ်လီဖုန်းဝန်ဆောင်မှုအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီများအသင်းများဖက်ဒရေးရှင်း (IFRC)တို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်သူလူထုမှဆက်သွယ်အကူအညီ တောင်းခံနိုင်သည့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် တယ်လီဖုန်းဝန်ဆောင်မှုအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်နေ့က Zoom Application ဖြင့် online မှ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လူမှုကရုဏာဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှ ဝန်ထမ်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ တပ်ဖွဲ့မှူးများ၊ အထောက်အကူပြုအရာရှိများနှင့် Hotline phone ကိုင်ဆောင်ရန်တာဝန်ပေးအပ်ခြင်းခံရသည့် စေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ဒုတိယညွှန်ကြားရေးမှူးက လူသားခြင်းစာနာထောက်ထားသည့် ကူညီဆောင်ရွက်မှုများအတွက် တယ်လီဖုန်းဝန်ဆောင်မှုပေးခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှ ညှိနှိုင်းရေးမှူးက Hotline phone ကိုင်ဆောင်မည့်သူများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်၊ စံသတ်မှတ်ချက်များနှင့် လုပ်ငန်းအစီအရင်ခံစာပုံစံ အစရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းနှင့်ပက်သက်၍ တက်ကြွစွာ အကြံပြုဆွေးနွေးခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးက ပြန်လည်ညှိနှိုင်းဆွေးနွေးကာ အစည်းအဝေးကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

Read More

  28/ Jan/ 2022

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေမြို့နယ်တွေက နေရပ်စွန့်ခွာစခန်းတွေမှာ စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုတွေနဲ့အတူ အသုံးအဆောင်ပစ္စည်းတွေကို ကူညီထောက်ပံ့ပေးနေကြပါတယ်။
ဇန်နဝါရီလ (၂၅)ရက်နဲ့ (၂၆)ရက်နေ့တွေမှာ တောင်ကြီး၊ ညောင်ရွှေ၊ ဆီဆိုင်မြို့တွေက နေရပ်စွန့်ခွာစခန်းတွေကို သွားရောက်ကူညီပေးခဲ့ကြပြီး ဇန်နဝါရီလ(၂၇)ရက်နေ့မှာ ပင်လောင်းမြို့နယ်နဲ့ဆီဆိုင်မြို့နယ်တွေက နေရပ်စွန့်ခွာစခန်းတွေမှာ အိမ်ထောင်စု (၁၁၀ စု) အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ(အရေးပေါ်) (၁၉၉)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၁၇)စုံ၊ နှာခေါင်းစည်း(၁၀၁)ဗူး၊ လက်သန့်စင်ဆေးရည် (၁၄၂၉)ဗူး၊ စောင် (၉၁)ထည်၊ ခြင်ထောင် (၉၂)လုံး၊ ရေချိုးဆပ်ပြာ (၆၉)ခု ကို ထပ်မံသွားရောက်ထောက်ပံ့ပေးခဲ့ကြပါတယ်။
ဒီဇင်ဘာလနှောင်းပိုင်းကတည်းက ကယားပြည်နယ်က နေရပ်စွန့်ခွာပြည်သူတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းကို ရောက်ရှိလာကြတာဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့အတူ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက လိုအပ်တဲ့အကူအညီအထောက်အပံ့တွေကို ဆက်တိုက်ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။

Read More

  27/ Jan/ 2022

ထားဝယ်မြို့တွင် ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တနင်္သာရီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီက ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့က ထားဝယ်မြို့ကွန်ပျူတာတက္ကသိုလ်တွင် ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါ်မမလေးက အဖွင့်အမှာစကားပြောကြားကာ အသင်းမှ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတွင် ဆုရရှိခဲ့သူများကို ဆုချီးမြင့်ပေးကာ အခမ်းအနားကို အောင်မြင်စွာဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့မှ (၂၇) ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး မြို့နယ် (၁ဝ) မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၀) ဦး တက်ရောက်ခဲ့ပါသည်။

Read More