28/ May/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ Epidemic Control for Volunteer Training (TOT) ဖွင့်လှစ်

ရန်ကုန်၊ မေ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် Epidemic Control for Volunteer Training (TOT) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယ ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်နန်းထွမ်းလှ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယ ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်နန်းထွမ်းလှက အဖွင့် အမှာစကားပြောကြားခဲ့ရာ - ယခု ဖွင့်လှစ်တဲ့သင်တန်းသည် အလွန်အကျိုးရှိပြီး စိတ်ဝင်စားစရာကောင်းသည့် သင်တန်းဖြစ်ကြောင်း၊ ကပ်ရောဂါအသွင်ဖြင့် ကျရောက်တတ်သော ရောဂါများကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာနှင့် ပတ်သက်သည့် အခြေခံအချက်အလက်များ၊ ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရွက်ရမည့် အစီအစဉ်တို့အား အသေးစိတ် သင်ကြားပေးသွားမည်ဟု သိရှိရပါကြောင်း၊ အလွန်ကောင်းမွန်သည့် အစီအစဉ်ဖြစ်ပြီး ကြက်ခြေနီ၏ ကျေးရွာအရောက် ခရီးပေါက်ရမည် ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ကြမည်ဖြစ်သောကြောင့် အလွန်ပင် ဝမ်းသာပီတိ ဖြစ်မိပါကြောင်း၊ အသင်း၏ ရည်ရွယ်ချက်နှင့် အခြေခံမှုအတိုင်း လူမျိုးဘာသာ အဆင့်အတန်း မခွဲမခြားဘဲ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတွေမှာ အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် အကျိုးရှိတဲ့ သင်တန်းဖြစ်သည့်အတွက် ကြိုးစား သင်ယူကြပြီး မိမိတို့ရပ်ရွာများကို ပြန်ရောက်တဲ့အခါ ပြည်သူလူထုရဲ့ ကျန်းမာရေး အသိပညာများ တိုးတက်လာအောင် ကြိုးစားလုပ်ဆောင်ပေးစေလိုကြောင်း တို့ကို ပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်သည့် ရောဂါများ၏ ကာကွယ် နှိမ်နင်းရေး အစီအမံများကို မိမိတို့ကိုယ်တိုင် ရေးဆွဲ အကောင်အထည်ဖော်ပြီး ကြံ့ကြံ့ခံတုံ့ပြန်နိုင်သော၊ ဘေးကင်းလုံခြုံသည့် လူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်စေရန်၊ လူထုအတွင်း ရုတ်တရက်ဖြစ်ပွားတတ်သည့် ကပ်ရောဂါများကို ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် လူထုတို့ပူးပေါင်းပြီး ကြိုတင်ကာကွယ်ရန် တုံ့ပြန်နိုင်ရန်နှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ဆိုးကျိုးများအား လျော့ချနိုင်ရန်၊ လူထုအတွင်း ကျရောက်တတ်သော ကပ်ရောဂါများနှင့် နောက်ဆက်တွဲ ပြသ၁နာများ၏ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ အဆိုပါ သင်တန်းကို ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ စနစ်တကျ လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပြီး အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၄) ဦး တက်ရောက်လျှက်ရှိပါသည်။ သင်တန်းပြီးဆုံးပါက သင်တန်းသား/သူများအနေဖြင့် စီမံချက်ရပ်ကွက် (၄) နေရာနှင့် စာသင်ကျောင်း (၂၀) တို့တွင် ကူးစပ်ရောက်ဂါနဲ့ ပတ်သက်သည့် အသိပညာပြန့်ပွားရေး ဟောပြောပွဲနှင့် ဆွေးနွေးပွဲများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Read More

  22/ May/ 2018

ကျေးရွာအနှံ ကြက်ခြေနီခရီးဆန့်

အသက် ၇၈ နှစ်ရှိပြီဖြစ်သော ဦးမောင်ပိန်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြင် အနည်းငယ်အကွာတွင်ရှိသော ကြွီတဲကျေးရွာသား လယ်လုပ်သားဟောင်း တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်အတွင်း ရေဘေး၊ အကြမ်းဖက်မှုတို့ကြောင့် ထိခိုက်ခံစား ရသူများကို အကူအညီပေးနေသည့် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် သူ၏ ကျေးရွာသို့ လာရောက်သည့် အပတ်စဉ် ရွေ့လျားကျန်းမာရေး ဆေးခန်းတွင် သောကြာနေ့ တိုင်းလာရောက်လေ့ရှိသည်။ “ အပတ်တိုင်း ကျန်းမာရေးစစ်ဆေးဖို့လာလေ့ရှိပါတယ်။ အဘမှာသွေးတိုးရောဂါ ရှိပါတယ်။ အခုလတ်တလောတော့ ချောင်းဆိုးတယ်။ ညဘက်ဆို အိပ်မပျော်ဘူး။” “ ဆရာဝန်ကသွေးပေါင်တိုင်းပေးတယ်။ သွေးတိုးအတွက် ဆေးလည်းပေးတယ်။ ချောင်းဆိုးပျောက်ဆေးလဲပေးတယ်။ ဗိုက်တာမင်ဆေးလုံးတွေလဲ ပေးတယ်။” “ ကြက်ခြေနီက ဒီလိုဆေးခန်းလေးသာ လာမဖွင့်ပေးခဲ့ရင် တစ်နာရီလောက်သွားရတဲ့ မြို့နယ်ဆေးရုံကိုပဲ သွားပြရမှာပါ။ ဦးလေးအသက်အရွယ်နဲ့ ဆေးရုံသွားဖို့ဆိုတာ ခက်ခဲပါတယ်။” “ ဒီဆေးခန်းလေးက ဦးလေးနဲ့ တစ်ရွာလုံးအတွက် တော်တော်အားကိုးရပါတယ်။ ဆေးရုံဆိုရင် ပိုက်ဆံလဲကုန်တယ်။ ဒီဆေးခန်းကတော့ အခမဲ့ကြည့်ပေးတဲ့အတွက် ဒီရွာက လူတိုင်းအတွက် အရမ်းပဲ အဆင်ပြေပါတယ်။”

Read More

  22/ May/ 2018

ကျေးလက်ဖွံ့ဖြိုးတိုးတက်ဖို့ ကြက်ခြေနီနဲ့အတူ ကြိုးစားစို့

အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ဦးမောင်ကျော်ဝင်းသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အထက်ဘက်ရှိ တံငါရွာ လေးဖြစ်သည့် မင်းလှကျေးရွာက ဒေသခံစေတနာလုပ်အားရှင်တစ်ဦး ဖြစ်သည်။ ဦးမောင်ကျော်ဝင်းသည် ရခိုင်ပြည်နယ်အတွင်း ကြက်ခြေနီက ဆောင်ရွက်နေတဲ့ လူမှုကရုဏာလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက် ပေးလျက်ရှိသည်။ “ ဒေသခံစေတနာလုပ်အားရှင်တစ်ဦး အနေနဲ့ ကြက်ခြေနီနဲ့ ဒေသခံတွေကြားမှာ ဆက်သွယ်ဆောင်ရွက်ပေးရပါ တယ်။” “ ကြက်ခြေနီရဲ့ထောက်ပံ့မှုတွေက ဒေသခံတွေအတွက် အရမ်းကို ထိရောက်ပါတယ်။ ငါးဖမ်းတဲ့သူတွေကလဲ ပိုက်ကွန်တွေ ပိုဝယ်နိုင်လာပြီး တချို့ဆိုရင် အရင်က ပိုက်ကွန်တစ်ခုတည်းရှိရာကနေ အခုဆိုရင် သုံးခုတောင်ရှိလာပြီ။ ဒါ့ကြောင့် ဝင်ငွေလဲ သုံးဆလောက် ပိုရလာပြီပေါ့။” “ ငါးဖမ်းလုပ်ငန်းနဲ့ ရက်ကန်းလုပ်ငန်းမှာ ရင်းနှီးမြှပ်နှံတဲ့သူတွေရဲ့ ဝင်ငွေကတော့ သိသိသာသာ တိုးတက်လာတာ တွေ့ရတယ်။” “ အခုဆိုရင် သူတို့ရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းလာနိုင်ပြီဖြစ်တယ်။ နေ့စဉ် ထမင်းနပ်မှန်အောင် စားသောက်နိုင်ပြီး အသားဟင်းတွေပါ စားနိုင်လာပါပြီ။ ဒါ့အပြင် နေမကောင်းလို့ ဆေးကုသရမယ့် စရိတ်တွေနဲ့ ကလေးတွေကို ကျောင်းအပ်နှံပေးဖို့ လိုအပ်ချက်တွေအတွက်ပါ သုံးလာနိုင်တာတွေ့ရပါတယ်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာအထောက်အပံ့တွေက ရွာသူရွာသားတွေရဲ့ဘဝတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။”

Read More

  19/ May/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၁၇ ခုနှစ် (အမျိုးသမီး)ထူးချွန်ဝန်ထမ်း ဒေါ်လင်းအောင်အွယ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၁၇ခုနစ်ထူးချွန်ဝန်ထမ်း(အမျိုသမီး)အဖြစ် ရွေးချယ်ခံရသော ဒေါ်လင်းအောင်အွယ် (အသက်- ၃၆) သည် လူမှုကရုဏာ လုပ်ငန်းများကို ချင်းပြည်နယ် မင်းတပ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အဝင်အဖြစ် ၂၀၀၄ ခုနှစ်မှ စတင်ပြီး ပါဝင်ဆောင်ရွက်ခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဦးစီးဆောင်ရွက်နေသော 3MDG/MNCH project တွင် ၂၀၁၄ ခုနှစ်မှစတင်ပြီး ကွင်းဆင်းကြီးကြပ်ရေးမှူးရာထူးဖြင့် မင်းတပ်မြို့နယ်တွင်းရှိ ကျေးရွာပေါင်း (၁၉၄) ရွာထဲမှ ဝေးလံခေါင်ပါးသောရွာများအထိပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်း ဆောင်ခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ ခုနှစ်တွင်း ကျေးရွာပေါင်း (၃၀) ရွာ၊ ၂၀၁၆ ခုနှစ်တွင်ကျေးရွာပေါင်း (၂၂) ရွာ၊ ၂၀၁၇ ခုနှစ်တွင် ဝေးလံခေါင်ဖျား ကျေးရွာ (၁၂)ရွာ နှင့် ၂၀၁၈ ခုနှစ် လက်ရှိတာဝန်ယူဆောင် ရွက်ရ သည့်ကျေးရွာ ပေါင်း (၃၈)ရွာများတွင် Monthly Work Plan အတိုင်း လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ အထူးသဖြင့် မိုးတွင်းကာလ နှင့် ရောက်ရှိရန် ခက်ခဲသော ကျေးရွာများသို့ စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် ခက်ခဲစွာ သွားရောက်ပြီး စွမ်းစွမ်းတမံ ကြိုးစားအကောင်အထည်ဖော် လုပ်ဆောင်နိုင်ခဲ့ခြင်းအတွက် ဒေါ်လင်းအောင်အွယ်အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ၂၀၁၇ ခုနှစ်အတွက် အမျိုးသမီး ထူးချွန်ဝန်ထမ်းအဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

Read More

  19/ May/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၁၇ ခုနှစ် (အမျိုးသား)ထူးချွန်ဝန်ထမ်း ဦးဇော်တင့်

၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ထူးချွန်ဝန်ထမ်း(အမျိုးသား)အဖြစ် ရွေးချယ်ခံရသော ဦးဇော်တင့် (အသက်- ၄၀) သည် လူမှုကရုဏာ လုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အဝင်အဖြစ် ၁၉၉၁ ခုနှစ်မှ စတင်ပြီး ပါဝင်ဆောင်ရွက်ခဲ့သည်။ ၎င်းသည် နာဂစ်ပြန်လည်ထူထောင်ရေး ကာလများတွင်လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်း လပွတ္တာမြို့နယ်ရုံးခွဲမှာ အသက်မွေးဝမ်းကြောင်း ဆိုင်ရာ နည်းပညာရှင် (Livelihood Technician) အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၄ စက်တင်ဘာလမှ စတင်ပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်း ရခိုင်ပြည်နယ်အထူးဒေသစီမံချက် (Rakhine Special Programme) တွင် အသက်မွေးဝမ်းကြောင်း ဆိုင်ရာ ကွင်းဆင်းအရာရှိ (Livelihood Field Officer) အဖြစ် တာဝန်ထမ်းခဲ့ဆောင်ပြီး ၂၀၁၆ ခုနှစ် ဇွန်လတွင် စီမံကိန်း ညှိနှိုင်းရေးမှူး (program coordinator ) အဖြစ် ရာထူးတိုးမြှင့် ခံခဲ့ရသည်။ ၂၀၁၇တွင် Community Resilience Program ၌ အသက်မွေးဝမ်းကြောင်းဆိုင်ရာ (Livelihood), ရေနှင့် သန့်ရှင်းရေး (WASH), DRRနှင့် ကျန်းမာရေး အသိပညာပေးခြင်း (HEALTH Education) များကို တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၂၀၁၇ ခုနှစ် အတွင်းမှာပင် မင်းပြားနှင့် မောင်တော ဒေသများရှိ ကျေးရွာများအားဆန်းစစ်လေ့လာခြင်းများပြုလုပ်ပြီး စီမံချက် ကျေးရွာများကို ရွေးချယ်ပေးနိုင်ခဲ့ပြီး လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအကြားကာလများတွင်လည်း ရခိုင်အထူးစီမံချက်မှ စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် စွမ်းစွမ်းတမံ ကြိုးစားအကောင်အ ထည်ဖော် လုပ်ဆောင်နိုင်ခဲ့ခြင်းအတွက် ဦးဇော်တင့်အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ၂၀၁၇ ခုနှစ်အတွက် ထူးချွန်ဝန်ထမ်း အဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

Read More

  19/ May/ 2018

မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် သတ်မှတ်ခံရသူ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၄၉) ဦးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဝမ်းမြှောက် ဂုဏ်ယူ

၂၀၁၈ မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူများ အဖြစ် လှိုင်သာယာမြို့နယ်ရှိထိန်ပင်အမှိုက်ပုံ မီးငြိမ်းသတ်ရာတွင် စွမ်းစွမ်းတမံ ပူးပေါင်း ပါဝင်ပြီး မီးငြိမ်းသတ်သူများအား ရှေးဦးပြုစုခြင်းနှင့် အခြား လိုအပ်ချက်များကို နေ့/ည မပျက် ကူညီဆောင်ရွက် ပေးခဲ့ကြသော မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၄၉) ဦးအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ၂၀၁၈ ခုနစ် မေလ ၁၃ရက် ထုတ်ပြန်သော ပြည်သူသို့ကျေးဇူးတင်လွှာတွင် မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူများအဖြစ် ထုတ်ပြန် ချီးကျူးခံရခြင်းအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ဝမ်းမြှောက် ဂုဏ်ယူရပါသည်။

Read More

  11/ May/ 2018

ရပ်ရွာစေတနာလုပ်အားရှင်

အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ မစိုးမိုးခင်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အထက်ပိုင်းမှာရှိတဲ့ မြစ်နားရွာကလေးမှာ ရပ်ရွာစေတနာလုပ်အားရှင်အဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်းကို အကူအညီပေး လျက်ရှိပါသည်။ မစိုးမိုးခင်သည် ရခိုင်ပြည်နယ်အတွင်း  ကြက်ခြေနီက ဆောင်ရွက်နေတဲ့ သင်တန်းများနှင့် ထောက်ပံ့ကြေးပေးအပ်ခြင်း အစီအစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ “ ကျွန်မက အကူအညီလိုအပ်နေတဲ့သူတွေကို ကူညီချင်တဲ့အတွက် စေတနာလုပ်အားရှင် လုပ်ဖြစ်တာပါ။ အနာဂတ်မှာ ကြက်ခြေနီမှာ အချိန်ပြည့်တာဝန်ယူဆောင်ရွက်ချင်ပါတယ်။” “ ကြက်ခြေနီက ဒုက္ခရောက်နေသူတိုင်းကို ကူညီပေးပါတယ်။ ကျွန်မလဲ ကူညီချင်ပါတယ်။ နောက်ပြီး အကူအညီ လိုအပ်နေသူတွေကို ကူညီပေးနိုင်ဖို့ ဒေသမရွေး သွားရောက်တာဝန် ထမ်းဆောင်ချင်ပါတယ်။” “ ကြက်ခြေနီက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအတွက် ထောက်ပံ့ကြေးတွေပံ့ပိုးပေးတယ်။ သင်တန်းတွေလဲ ပေးတယ်။  ထောက်ပံ့ကြေးတွေက ထိရောက် အကျိုးရှိပြီးတော့ စားဝတ်နေရေးအတွက် တကယ်ကို အထောက်အကူဖြစ်တယ်လို့လဲ လက်ခံရရှိသူတွေက ပြန်ပြောကြပါတယ်။” “ ကျွန်မအနေနဲ့ တခြားသူတွေကိုလဲ ဒေသခံစေတနာ လုပ်အားရှင်ဖြစ်လာအောင် တိုက်တွန်းချင်ပါတယ်။ သူငယ်ချင်းတွေကိုလဲ တိုက်တွန်းပါတယ်။ ကြက်ခြေနီက ရပ်ရွာလူထုကို ကူညီပေးနေတာဖြစ်တဲ့အတွက် လူတိုင်းလဲ ပါဝင်သင့်တယ်လို့ ထင်ပါတယ်။”

Read More

  09/ May/ 2018

ကမ္ဘာ့ကြက်ခြေနီအနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံံကြက်ခြေနီအသင်း (ဌာနချုပ်)သို့ လေ့လာရေး ခရီးစဉ်လာရောက်

နေပြည်တော်၊ မေ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်)သို့ မင်းဘူးခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ခရိုင်ဦးစီးမှူး ဒုတိယတန်း ဦးလှတိုးနှင့် မြို့နယ်တပ်ဖွဲ့မှူး ဦးတင်ညွှန့် ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ယနေ့ မေလ ၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်)သို့ လေ့လာရေးခရီးစဉ် လာရောက် လေ့လာခဲ့ကြသည်။ အဆိုပါ လေ့လာရေးခရီးစဉ် လာရောက်ကြသော ကြက်ခြေနီ စေတနာလုပ်အားရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက လက်ခံတွေ့ဆုံခဲ့ကြသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံံကြက်ခြေနီအသင်း ဥက္ကဌမှ လေ့လာရေးခရီးစဉ် လာရောက်ကြသော မင်းဘူးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များကို အမှာစကားပြောကြားခဲ့ရာ - အသင်းဌာနချုပ်သို့ လေ့လာရေးခရီးစဉ် လာရောက်ကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များကို လှိက်လဲှစွာ ကြိုဆိုပါကြောင်း၊ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အသင်းကြီး၏ အင်အားလည်းဖြစ်ပါကြောင်း၊ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများကို ယခုထက်ပိုမို အားသွန်ခွန်စိုက် လုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အခြား လူမှုရေး အသင်း/အဖွဲ့များနှင့် ချိတ်ဆက်ပြီး လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့် တိုက်တွန်း ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက လေ့လာရေးခရီးစဉ် လာရောက်ကြသော ကြက်ခြေနီ စေတနာလုပ်အားရှင်များအား အမှတ်တရပစွည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း မင်းဘူးခရိုင်ကြက်ခြေနီကြီးကြပ်မှုကောမတီမှ ခရိုင်ဦးစီးမှူး ဦးလှတိုး (ဒုတိယတန်း)နှင့် မြို့နယ်တပ်ဖွဲ့မှူး ဦးတင်ညွှန့် ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ်ရှိ ဌာနများကို လေ့လာခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သိလိုသည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

Read More

  07/ May/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ INNO (Group)က လူနာတင်ယာဉ်လွှဲပြောင်းပေးအပ်

နေပြည်တော်၊ မေ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ INNO (Group) မှ လှူဒါန်းသည့် လူနာတင်ယာဉ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် မေလ ၇ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒဏ္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံကြက်ခြေနီအသင်း (၂၀၂) မိုင် ရှေးဦးပြုစုခြင်း စခန်းတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ ကောင်စီဝင် ဦအေးမောင်စိန်၊ INNO (Group) မှ Chairman Mr. Seog Chang Son နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဇော်အောင်၊ ခရိုင်/မြို့နယ် ကြက်ခြေနီအသင်းခွဲများမှ ဥက္ကဌများနှင့် ဒုတိယ ဥက္ကဌများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ ဒဏ္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရန်ကုန် - မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက အဖွင့်အမှာ စကားပြောကြားခဲ့ရာ - ယခု လူနာတင်ယာဉ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်လာသော နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ INNO (Group) မှ Chairman Mr. Seog Chang Son နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာ လုပ်အားများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ လူနာတင်ယာဉ် လှူဒါန်းပေးသည့် INNO (Group) ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ INNO (Group) မှ အသင်းသို့ လူနာတင်ယာဉ်လှူဒါန်းခြင်းသည် ဒုတိယ အကြိမ်ဖြစ်ပါကြောင်၊ ၂၀၁၇ ခုနှစ်တုန်းကလည်း INNO (Group)က (၂၀၂) မိုင် ရှေးဦးပြုစုခြင်း စခန်းဆောက်လုပ်ရန်အတွက် လှူဒါန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံသည် နှစ်ပေါင်းရှည်ကြာစွာ ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့သည့် မိတ်ဖက် အာရှနိုင်ငံတွေ ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်ပြီး INNO (Group) မှ Chairman Mr. Seog Chang Son က လူနာတင်ယာဉ် လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူနာတင်ယာဉ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက INNO (Group) မှ Chairman Mr. Seog Chang Son အား ဂုဏ်ပြုမှတ်တမ်းလွှဲနှင့် အမှတ်တရ ပစွည်း ပြန်လည်ပေးအပ်ခဲ့သည့်။ ထို့အပြင် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ လှူနာတင်ယာဉ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။        

Read More