13/ Jan/ 2022

ဘားအံမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အရေးပေါ်သွေးလှူဒါန်းခြင်းနှင့် သွေးလှူရှင် ရှာဖွေချိတ်ဆက်ပေးခြင်းများ ကူညီဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော လူနာတစ်ဦးသည် သွေး (၂) လုံး အရေးပေါ်လိုအပ်လျှက်ရှိရာ မြို့နယ်မှကြက်ခြေနီစေတနာလုပ်အားရှင် ဒေါ်မိထွန်းလဝန်းနွယ်မှ သွေးသန့် (၁)လုံးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့က လှူဒါန်းပေးခဲ့ပါသည်။ ထို့အပြင် လိုအပ်နေသော သွေး (၁)လုံး ရရှိရန်အတွက်လည်း ကြက်ခြေနီစေတနာလုပ်အားရှင်များက သွေးလှူရှင်တစ်ဦးအား ရှာဖွေချိတ်ဆက်ပေးခဲ့ပါသည်။
ဇန်နဝါရီလ (၁၁) ရက်နေ့ကလည်း ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လိုအပ်နေသော (A) သွေးတစ်လုံးနှင့် (O) သွေးတစ်လုံးရရှိရန်အတွက် မြို့နယ်မှကြက်ခြေနီစေတနာလုပ်အားရှင် ဦးစောအောင်ကိုမြတ်က သွေးလှူရှင် (၂) ဦးကို ရှာဖွေချိတ်ဆက်ပေးနိုင်ခဲ့ပါသည်။
ထို့အပြင် ဇန်နဝါရီလ (၁၀) ရက်နေ့က ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာတွင် ဆိုင်ကယ်မတော်တဆဖြစ်၍ ထိခိုက်ဒဏ်ရာရှိခဲ့သော အမျိုးသားတစ်ဦးအား ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးကာ ဆက်လက်ဆေးကုသမှုခံယူရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

Read More

  09/ Dec/ 2021

မင်းတပ်မြို့နယ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်

ရန်ကုန်၊ ဒီဇင်ဘာလ (၉) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း နှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့၏ အထောက်အပံ့ဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းက ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ ပြည်သူလူထုအတွက် အခြေခံလိုအပ်သည့် ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ရွေ့လျားဆေးကုသခန်းများဖွင့်လှစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်း ဦးဆောင်သော ဝန်ထမ်းများ၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၁၇) ဦးနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ ဝန်ထမ်း (၅) ဉီး စုစုပေါင်း (၂၂) ဦးတို့သည် မင်းတပ်မြို့နယ်ရှိ ရပ်ရွာလူထုအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် အစားအစာနှင့် အစားအစာမဟုတ်သော ပစ္စည်းများ၊ COVID-19 ကာကွယ်ရေးပစ္စည်းများ၊ အနွေးထည်များ စသည့် စုစုပေါင်း ပစ္စည်း (၁၃) မျိုးတို့ကို နေရပ်စွန့်ခွာစခန်း (၉) ခုရှိ အိမ်ထောင်စု (၂၀၀) စု၊ လူဉီးရေ (၉၂၅) ဦးအတွက် ယခုနှစ် အောက်တိုဘာလ (၁၈) ရက်မှ နိုဝင်ဘာလ (၂၀) ရက်နေ့ထိ သွားရောက်ဖြန့်ဝေခဲ့ပါသည်။
“စိန်ခေါ်မှုတွေနဲ့ ကြန့်ကြာမှုတွေရှိနေပေမဲ့လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့က အစားအသောက်၊ တာပေါ်လင်၊ စောင်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းစတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ရဲ့ အထောက်အပံ့ဖြင့် ငွေသားထောက်ပံ့ခြင်းနဲ့ ရွေ့လျားကျန်းမာရေး ဆေးခန်းဖွင့်လှစ်ပြီး ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။” ဟု MRCS မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းက ပြောခဲ့ပါသည်။
မင်းတပ်မြို့နယ်အတွင်းရှိ ထိခိုက်ခံစားရသူများအနက်မှ အလိုအပ်ဆုံးအိမ်ထောင်စု (၁၅၈) စုအတွက် အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် (၂) သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃၁၆) သိန်း ထောက်ပံ့ပေးခဲ့ပါသည်။ ထို့အပြင် ပဏာမကျန်းမာရေးစောင့်ရှောက်မှုရွေ့လျားဆေးပေးခန်းကိုလည်း နေရပ်စွန့်ခွာစခန်း(၅) နေရာတွင် တပတ်လျှင် (၆) ရက် ဖွင့်လှစ်ခဲ့ပြီး လူနာပေါင်း (၃,၄၉၀) ဦးအား ကြည့်ရှုစောင့်ရှောက်ပေးနိုင်ခဲ့ကာ အဆိုပါလူနာများအနက်မှ အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်သည့် လူနာ (၇) ဦးကို မင်းတပ်ဆေးရုံနှင့် ပခုက္ကူဆေးရုံသို့ လွှဲပြောင်းပေးနိုင်ခဲ့ပါသည်။ “ဒီခရီးစဉ်တွေမှာ ကျွန်မတို့တွေ လူမှုအသိုင်းအဝိုင်းတွေဆီက ကြက်ခြေနီအပေါ် ယုံကြည်မှု၊ အလေးထားမှုတွေရရှိခဲ့ပြီး ကြက်ခြေနီရဲ့ ဂုဏ်သိက္ခာကို ပြသနိုင်ခဲ့ပါတယ်။” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပါ သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၂၁ ခုနှစ် ဇူလိုင်လမှစတင်၍ မင်းတပ်မြို့နယ်အတွင်း ဒေသများသို့ ကနဦးကယ်ဆယ်ရေးပစ္စည်းများကို ကြက်ခြေနီလှုပ်ရှားမှုမှ ပစ္စည်းအချို့နှင့်အတူ ပံ့ပိုးပေးခဲ့ပြီး လိုအပ်ချက်များကို အကဲဖြတ်ရန် သွားရောက်ခဲ့ပါသည်။ အလားတူ သြဂုတ်လနှင့် စက်တင်ဘာလများတွင် အစားအသောက်နှင့် အစားအသောက်မဟုတ်သော ပစ္စည်းများကို ပံ့ပိုးပေးသည့်အပြင် ကြက်ခြေနီလှုပ်ရှားမှုဖြင့် ရွေ့လျားကျန်းမာရေးဆေးခန်းများကိုလည်း ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့အပြင် မင်းတပ်မြို့နယ်တွင် နှာခေါင်းစည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အောက်ဆီဂျင်စက်များစသည့် COVID-19 ကာကွယ်တားဆီးရေးနှင့် အထောက်အကူပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် COVID-19 နှင့် အကြောင်းအမျိုးမျိုးကြောင့် ဘေးအန္တရာယ်ထိခိုက်ခံစားရသူများကို လိုအပ်သည့် အကူအညီများ ပေးနိုင်ရန် ဆက်လက်ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

Read More

  22/ Nov/ 2021

ကချင်အထူးစီမံချက် ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ခြင်းအစီအစဉ်မှ ငွေသားထောက်ပံ့

ကချင်၊ နိုဝင်ဘာ (၂၂)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်အထူးစီမံချက် ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ခြင်းအစီအစဉ်မှ ကချင်ပြည်နယ်၊ လော်ဝေါ်နှစ်ခြင်းစခန်းရှိ အိမ်ထောင်စု(၅၇)စုနှင့် ကေဘီစီစခန်း(၂)ရှိ အိမ်ထောင်စု(၅၈)စု၊ စုစုပေါင်း အိမ်ထောင်စုပေါင်း (၁၁၅)စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် (၂)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ရာ ထောက်ပံ့ငွေများအား ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဘရန်ဒီးနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ၂၀၂၁ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့တွင် သွားရောက်ပေးအပ်ခဲ့ကြပါသည်။

Read More

  22/ Nov/ 2021

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီအသိပညာပြန့်ပွားရေးဆိုင်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်

ရန်ကုန်၊ နိုဝင်ဘာလ (၂၂)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန မှ ဖွင့်လှစ်သော ကြက်ခြေနီအသိပညာပြန့်ပွားရေးသင်တန်းကို ယနေ့ နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက် (၉:၃၀)အချိန်က အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Cooperation Coordinator Mr.Paul Keen က အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ အသင်းဥက္ကဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှတာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ သင်တန်းနည်းပြ ဆရာ၊ဆရာမများနှင့် သင်တန်းသား/သူ စုစုပေါင်း (၂၁)ဦးတက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းကို နိုဝင်ဘာလ (၂၂) ရက်နေ့မှ (၂၃)ရက်နေ့အထိ (၂)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Read More

  22/ Nov/ 2021

မိုးညှင်းတွင် ဘေးအန္တရာယ်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (Basic Disaster Management Training) ဖွင့်ပွဲကျင်းပ

မိုးညှင်း၊ နို၀င်ဘာလ (၂၂)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း နှင့် USAIDတို့ ပူးပေါင်းဖွင့်လှစ်သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (Basic Disaster Management Training) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၂၂ရက်နေ့ နံနက် ၁၀နာရီက ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ ရှမ်းစာပေနှင့် ယဥ်ကျေးမှုရုံးခန်းမတွင် ကျင်းပခဲ့​ကြသည်။
အခမ်းအနားတွင် ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးဘရန်ဒီးက အဖွင့်အမှာစကားပြောကြားဖွင့်လှစ်ခဲ့ပြီး နည်းပြ ဦးမောင်မောင်မြင့်က သင်တန်းအကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းကို သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလကို နိုဝင်ဘာလ (၂၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၂)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Read More

  21/ Nov/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

ကြက်ခြေနီစေတနာလုပ်အားရှင်များအနေနဲ့ မိမိတို့နေထိုင်ရာ ဒေသအသီးသီမှာရှိကြတဲ့ ပြည်သူများ လိုအပ်နေတဲ့ လူမှုကရုဏာအကူအညီတွေကို စဉ်‌ဆက်မပြတ်ဆောင်ရွက် အကူအညီပေးနေကြပါတယ်။
တနင်္သာရီတိုင်းဒေသကြီး မြို့နယ်တွေရဲ့ ကြက်ခြေနီလှုပ်ရှားမှုသတင်းတွေကို ထားဝယ်မြို့မှ ဦးမြင့်နိုင်က ယခုလိုပေးပို့ထားပါတယ်။
နိုဝင်ဘာလ(၉)ရက်နေ့မှ နိုဝင်ဘာလ(၁၉)ရက်နေ့အတွင်းမှာ ထားဝယ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ကြက်ခြေနီလူနာတင်ယာဉ်နဲ့ လူနာ(၄၁)ဦးကို ဆေးရုံတက်ဖို့၊ ဆေးရုံပြောင်းရွေ့ဖို့နဲ့ ဆေးရုံဆင်းဖို့ အတွက် ကူညီပေးခဲ့ကြပါတယ်။ ဒါ့အပြင် အောက်စီဂျင်အိုး ရှာဖွေပို့ဆောင်ပေးတာတွေလည်း ပြုလုပ်ပေးခဲ့ကြပါတယ်။
ထားဝယ်မြို့ လေယာဥ်ကွင်းမှာ ဆိုက်ရောက်ခရီးသည်များ စာရင်းသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနဲ့ အရေးပေါ်ဆေးရုံပို့ရန်လိုအပ်ပါက အသုံးပြုနိုင်ရန် ကြက်ခြေနီလူနာတင်ယာဥ်(၁)စီး၊ ကြက်ခြေနီ‌စေတနာလုပ်အားရှင်(၅)ဦးတို့ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။
ထားဝယ်ဆေးရုံကြီးမှာ အရေးပေါ်သွေး လိုအပ်နေတဲ့ လူနာ‌အတွက် (B)သွေး (၂)လုံးနဲ့ (O)သွေး(၁)လုံးကိုတော့ ကြက်ခြေနီစေတနာလုပ်အားရှင် ဦးဝေယံနိုင်၊ ဦးအောင်မင်းဖြိုးနှင့်ဒေါ်ဆုစန္ဒီထွေး တို့က လှူဒါန်းခဲ့ကြပါတယ်။
သရက်ချောင်းမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ဆီတောကျေးရွာ ကျောင်းမှာ COVID-19 ရောဂါကာကွယ်နိုင်ဖို့ ပိုးသတ်ဆေးဖြန်း‌ပေးခဲ့ပြီးနှာခေါင်းစည်း၊ လက်ဆေးဂျယ််၊ မျက်နှာအကာများကို လှူဒါန်းခဲ့ပါတယ်။
ပုလောမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များကတော့ အထက(၁)ခန်းမ COVID-19ရောဂါကာကွယ်
ဆေးထိုးစုရပ်နဲ့ ပိန်းတောကျေးရွာသို့ ကာကွယ်ဆေးထိုးအဖွဲ့သွားရောက်ရာမှာ ပါဝင်ကူညီခဲ့ကြပါတယ်။

Read More

  17/ Nov/ 2021

၁၀၀)အား Abercrombie & Kent Myanmar က ဘိုကလေးမြို့နယ်ကြက်ခြေနီအသင်းခွဲသို့ လှူဒါန်း

ဘိုကလေး၊ နိုဝင်ဘာလ (၁၇)ရက်။
COVID-19 ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် Abercrombie & Kent Myanmar မှ PPE ဝတ်စုံ (၁၀၀)အား ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၁၆ရက်နေ့က ဘိုကလေးမြို့နယ်ကြက်ခြေနီအသင်းခွဲသို့ လာရောက်လှူဒါန်းခဲ့ကြရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသက်နိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ပါသည်။
ဘိုကလေးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အခြားပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များနည်းတူ COVID-19 ရောဂါစတင်ဖြစ်ပွားချိန်မှစတင်ကာ ရပ်ရွာလူထုအား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြပြီး တုံ့ပြန်ကာကွယ်ရေးလုပ်ငန်းများတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်း၊ ပိုးတွေ့လူနာများအား ကုသရေးစင်တာများသို့ ပို့ဆောင်ပေးခြင်း၊ ဆေးဖြန်းပေးခြင်း၊ လူအများသွားလာတတ်သောနေရာများတွင် နှာခေါင်းစည်းများနှင့် လက်သန့်စင်ဆေးရည်များအခမဲ့ ဖြန့်ဝေပေးခြင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခြင်းတို့ကိုလည်း နေ့စဉ်ဆောင်ရွက်ကူညီပေးလျှက်ရှိကြပါသည်။
ယခုကဲ့သို့ ကြက်ခြေနီလှုပ်ရှားမှုအား ယုံကြည်စွာဖြင့် ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအတွက် လိုအပ်သည့် PPEဝတ်စုံများအား လာရောက်လှူဒါန်းပေးကြသော Abercrombie & Kent Myanmar အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျေးဇူးအထူးတင်ရှိပါသည်။

Read More

  16/ Nov/ 2021

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ဆုပေးပွဲ အခမ်းအနားတက်ရောက်

ရန်ကုန်၊ နိုဝင်ဘာလ (၁၆) ရက်။
၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်၊ ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြင့်ခြင်းအခမ်းအနားကို ယနေ့ နိုဝင်ဘာလ (၁၆)ရက်နေ့နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်ရုံးခွဲ၌ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ရှေးဦးစွာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က အမှာစကားပြောကြားပါသည်။
ထို့နောက် ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြင့်ရာ(နည်းပြ)သင်တန်းများဖွင့်လှစ်နိုင်သည့်ဆု၊ ရှေးဦးပြုစုခြင်းစီမံချက်လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့်ဆု၊ ရှေးဦးပြုစုခြင်းသင်တန်းများအကြိမ်ရေအများဆုံး ဖွင့်လှစ်နိုင်သည့်မြို့နယ်ဆုနှင့် ရှေးဦးပြုစုခြင်းဖြင့် ကူညီဆောင်ရွက်ပေးနိုင်သည့်ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍ ရှေးဦးပြုစုခြင်းဆိုင်ရာ လူငယ်စာစီစာကုံးပြိုင်ပွဲ(မြန်မာ၊ အင်္ဂလိပ်)၊ ဉာဏ်စမ်းပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သည့်လူငယ်ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
အခမ်းအနားသို့ အသင်းဥက္ကဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင်ဒေါက်တာတင်ညွန့်၊ တိုင်းဒေသကြီး၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု‌ကော်မတီဥက္ကဌများ၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ တိုင်းဒေသကြီး/ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ တပ်ဖွဲ့မှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီများကonline ဖြင့်တက်ရောက်ခဲ့ပြီး ဆုရရှိသူများကို ဆုများချီးမြှင်ပေးအပ်ခဲ့ပါသည်။

Read More

  15/ Nov/ 2021

ဝါးခယ်မမြို့နယ်တွင် ကြက်ခြေနီက ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်

ဝါးခယ်မ၊ နိုဝင်ဘာလ (၁၅)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်းဆင့်ပွားသင်တန်းကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့နှင့် (၁၄)ရက်နေ့များတွင် ဝါးခယ်မမြို့နယ်ကြက်ခြေနီအသင်းရုံးခွဲတွင် ဖွင့်လှစ်ခဲ့ကြပါသည်။
သင်တန်းတွင် ထိခိုက်ဒဏ်ရာပြုစုခြင်း၊ လူအများအပြားထိခိုက်ဒဏ်ရာရရှိချိန်တွင် စီမံခန့်ခွဲခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ပြုစုစောင့်ရှောက်ခြင်း၊ မျက်ရည်ယိုဓါတ်ငွေ့ထိခိုက်သူအား ရှေးဦးပြုစုခြင်း၊ စိတ်ဖိစီးမှုကိုကိုင်တွယ်ဖြေရှင်းခြင်း၊ အရေးပေါ်အခြေအနေတွင် ထိခိုက်ဒဏ်ရာရရှိသည့်လူနာကို ပြုစုစောင့်ရှောက်ပေးခြင်း၊ ရှေးဦးပြုစုသူ၏အခန်းကဏ္ဍတာဝန်ဝတ္တရားများ၊ ရှေးဦးပြုစုခြင်းစခန်းနှင့် ရှေးဦးပြုစုခြင်းအဖွဲ့အတွက် ဆောင်ရွက်ရမည့် အချက်အလက်များ၊ ရှေးဦးပြုစုသူများအတွက်ဘေးကင်းလုံခြံမှု စသည့် သင်ခန်းစာများကို ကျွမ်းကျင်သင်တန်းနည်းပြများက ပို့ချသင်ကြားပေးခဲ့ကြပါသည်။
အဆိုပါသင်တန်းကို သင်တန်းသား/သူ (၂၅)ဦး တက်ရောက်သင်ကြားခဲ့ကြပါသည်။

Read More