14/ Feb/ 2020

ကြက်ခြေနီမှ 2019-nCoV Acute Respiratory Disease ရောဂါကာကွယ်နှိမ်နင်းရေးသင်တန်းကို ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနှင့် ပူးပေါင်း ပြုလုပ်

မန္တလေး၊ ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံကြက်ခြေနီအသင်း မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ကြီးမှူးပြုလုပ်သော 2019-nCoV Acute Respiratory Disease ရောဂါကာကွယ်နှမ်နင်းရေးသင်တန်း (Infection control) ကို မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ မနက်၁၀နာရီကကျင်းပခဲ့သည်။
အဆိုပါသင်တန်းကို မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းသန်းမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဦးစီးမှူးဉီးသန်းထွန်း၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များတက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းသန်းမြင့်မှ
အဖွင့်အမှာစကားပြောကြား၍ တိုင်းရောဂါနှိမ်နင်းရေးအဖွဲ့မှ ကူးစက်ရောဂါအကြောင်းသင်တန်းပို့ချပေးခဲ့ပါသည်။

Read More

  13/ Feb/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် အသင်း၏ ဦးဆောင်အုပ်ချုပ်သူများအတွက် လုပ်ငန်းများ မိတ်ဆက်ခြင်းအစီအစဉ်ဖွင့်ပွဲတက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၃

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉နာရီ က နေပြည်တော်ရှိ အသင်းဌာနချုပ်စုဝေးခန်းမတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဦးဆောင်အုပ်ချုပ်သူများအတွက် လုပ်ငန်းများ မိတ်ဆက်ခြင်း အစီအစဉ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။
 
အခမ်းအနားဖွင့်ပွဲကို အသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများနှင့် ဝန်ထမ်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ဒုတိယပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီလူငယ်ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ စုစုပေါင်း (၉၁)ဦး တက်ရောက်ခဲ့ပါသည်။
 
အသင်း ဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ အလုပ်အမှုဆောင်အဖွဲ့သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရွေးကောက်ပွဲ အဆင့်ဆင့် ကျင်းပပြုလုပ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေအရ ရွေးချယ်ခံရသည့်သူများဖြစ်ပါကြောင်း၊ ဒီနှစ်မှာ မိမိတို့နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲကျင်းပမည့်နှစ်လည်းဖြစ်သည့်အတွက် သင့်တင့်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲတွင် မူဝါဒများကို ချမှတ်ပေးမည်ဖြစ်သည့်အတွက် အချိန်ပြည့်တက်ရောက်ရန်လိုကြောင်း၊ ရရှိသည့် အသိပညာများနှင့် အချက်အလက်များကို ပြန်လည်မျှဝေပေးစေလိုကြောင်း၊ အသင်းနှင့် တပ်ဖွဲ့အကြားညီညီညွတ်ညွတ်နှင့် လုပ်ငန်းများပိုမိုဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အထက်အောက် Hierarchy စနစ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ဆောင်ရွက်ရာတွင်လည်း ဥပဒေ၊ နည်းဥပဒေများအတိုင်း ပြုမှုဆောင်ရွက်စေချင်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင်းအဆင့်တိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိရန်လိုကြောင်း၊ အကြံပေးစာများကိုလည်း အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများလုပ်ဆောင်ရာတွင် စာရင်းဇယားမှန်ကန်စွာ ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းများရှိ သိုလှောင်ရုံများကိုလည်း ကြံခိုင်မှုစစ်ဆေးရန်နှင့် လိုအပ်သည်များကို စဉ်ဆက်မပြတ်သုံးသပ်ရန်လိုကြောင်း၊ Red Cross Management Information စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သဖြင့် သင်တန်းများနှင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၏ Data များကို စနစ်တကျထိန်းသိမ်းရန်လိုအပ်ကြောင်း၊ IT နည်းပညာကို ပြည့်ပြည့်ဝဝ အသုံးချရန်လိုအပ်ကြောင်း၊ မြို့နယ်များတွင် ရုံးမြေနေရာများကို ဥပဒေနှင့်အညီ မြေပိုင်ဆိုင်မှုများလုပ်ဆောင်ထား ရန်လိုအပ်ကြောင်း၊ ခရိုင်များနှင့် ပြည်နယ်တိုင်းများမှလည်း လိုအပ်သည့် အကူအညီများကိုပေးစေလိုကြောင်း၊ စီမံချက်များလုပ်ကိုင်ဆောင်ရွက်ရာတွင်လည်း အသင်းခွဲဖွံ့ဖြိုးတိုးတက်မှု ကိုပါလုပ်ဆောင်စေလိုကြောင်း၊ သို့မှသာ အသင်းခွဲများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး အသင်းသားအရည်အတွက် တိုးတက်လာနိုင်ကာ စွမ်းဆောင်ရည်များ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရန်အတွက် မူဝါဒများအကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၏ မူဝါဒများကိုလည်း လေ့လာသုံးသပ်ပြီး လုပ်ဆောင်စေလိုကြောင်း၊ တပ်ဖွဲ့မှူးများကိုလည်း ရွေးချယ် တာဝန်ပေးထားပြီးဖြစ်ပါသဖြင့် တပ်ဖွဲ့ရေးရာနှင့် ပတ်သတ်သည့် ကိစ္စရပ်များကိုလည်း အမြန်ဆုံးဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ နိုင်ငံအနေဖြင့် လူငယ်များသည် အရေးပါသည့် အခန်းကဏ္ဍမှာပါဝင်နေသည်ဖြစ်သဖြင့် ကြက်ခြေနီလူငယ်ခေါင်းဆောင်များအနေဖြင့် မိမိတို့ရပ်ရွာတွင် လူငယ်များကို ဦးဆောင်ရာတွင် မိမိတို့၏ ရည်မှန်းချက်များကို လေးလေးနက်နက် ဂရုပြုလုပ်ဆောင်စေလိုကြောင်း၊ နိုင်ငံတော်၏ လူငယ်မူဝါဒနှင့် ကိုက်ညီသည့် လူငယ်မူဝါဒကို သုံးသပ်ပြင်ဆင်နေပြီဖြစ်သဖြင့် မကြာမီ ထုတ်ပြန်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့များတွင် ကျောင်းများ၊ တက္ကသိုလ်များ၌ ကျောင်းသူ/သားများအတွက် သင်တန်းများဖွင့်လှစ်ပို့ချနေသည်ကို တွေ့ရသည့်အတွက် အထူးကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း၊ ကြက်ခြေနီကို ရပ်ရွာလူထုက ယခုထက်ပိုမိုလက်ခံနိုင်စေရန်အတွက် လူမှုကရုဏာလုပ်ငန်းများပိုမို လုပ်ကိုင်စေလိုကြောင်း၊ COVID19 ဗိုင်းရပ်စ်ကူးစက်မှုလျော့ချနိုင်ရန်အတွက် ရပ်ရွာလူထုကြားတွင် အသိပညာများပိုမိုပြုလုပ်ရန်နင့် စနစ်တကျလက်ဆေးနည်းများကိုလည်း ပြသပေးရန်လိုကြောင်းမှာကြားခဲ့ပါသည်။ ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
 
တွေ့ဆုံဆွေးနွေးပွဲသို့ အချိန်ပြည့်အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီလူငယ်ခေါင်းဆောင်များတက်ရောက်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ၂ ရက်တာပြုလုပ်မည်ဖြစ်ကာ ကြက်ခြေနီလှုပ်ရှားမှုအကြောင်း၊ အခြေခံမူ(၇)ချက်၊ ကြက်ခြေနီအမှတ်အသားအကြောင်း၊ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် အခြေခံစည်းမျဉ်းများအကြောင်း၊ လူမှုကွန်ယက်အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် အန္တရာယ်ကင်းစွာ သွားရောက်လုပ်ကိုင်ခြင်းဆိုင်ရာ မူဘောင်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ COVID 19 ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြက်ခြေနီလှုပ်ရှားမှုအကြောင်း၊ အမျိုးသားအသင်းများ၏ အရန်အင်အား အခန်းကဏ္ဍအကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးခြင်း၊ အခြေခံကျင့်ဝတ်စည်းကမ်းများ၊ မရိုးမသားပြုခြင်းနှင့် အကျင့်ပျက် လာဘ်စားခြင်းအား ကာကွယ်တားဆီးခြင်းနှင့် ထိမ်းချုပ်ခြင်းဆိုင်ရာ မူဝါဒ၊ ပြည်နယ်/တိုင်း/ခရီုင်ကြီးကြပ်ကော်မတီများ၊ မြို့နယ်အသင်းခွဲအမှုဆောင်များ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်း ဆွေးနွေးခြင်း၊ တပ်ဖွဲ့ဆိုင်ရာအကြောင်း စသည် ကိစ္စရပ်များကို ဆွေးနွေး ကြမည် ဖြစ်ပါသည်။
 
Credit to : လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန
#MRCS #Dissemination #BranchDevelopment
 

Read More

  21/ Jan/ 2020

ရှေးဦးပြုစုပေးခြင်းဖြင့် အသက်ကယ်တင်နိုင်

ရှေးဦးပြုစုပေးခြင်းဖြင့် အသက်ကယ်တင်နိုင်
=======================

၂၀၂ဝပြည့်နှစ်၊ ဇန်နဝါရီ ၉ ရက် ညနေ ၅ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ (၁၆) ဂိတ်ကားမှတ်တိုင်အနီးတွင် အမျိုးသမီးတစ်ဦး အသက်ရှုကြပ်ပြီး မူးမေ့လဲကျနေသည်ကို ကြက်ခြေနီစေတနာလုပ်အားရှင်း တစ်ဦးဖြစ်သည့် မနှင်းယုဝေတွေ့ရှိပြီး မိမိတတ်မြောက်ထားသည့် ရှေးဦးပြုစုခြင်းဘာသာရပ်မှ နည်းပညာများ ဖြစ်သည့် လူနာအားလဲလျောင်းစေကာ ဦးနှောက်အတွင်း သွေးစီးဆင်းနိုင်ရန် ခြေထောက်များကိုမြှင့်တင်ပေးခြင်း၊လေဝင်လေထွက်ကောင်းစေရန် လူအုံနေသည်ကို ရှင်းလင်းခြင်း၊ အသက်ကောင်းကောင်းရှုနိုင်ရန် ယက်ခက်ပေးခြင်းများပြုလုပ်ပေးခဲ့ရာ သတိပြန်ဝင်လာပြီးနောက် နှီးစပ်ရာ ဆေးခန်းသို့ အလျင်အမြန်ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။

မနှင်းယုဝေသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဒုတိယနှစ်(သမိုင်း)ဘာသာရပ်ကိုသင်ကြားနေသည့် ကျောင်းသူတစ်ဦးဖြစ်ပြီး ၂၀၁၈-၁၉ပညာသင်နှစ်တွင် တက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း၊ ၂၀၁၉ခုနှစ်တွင် သာမန်သင်တန်းတို့ကို တတ်မြောက်ထားသူဖြစ်သည်။

ထို့အပြင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကြက်ခြေနီအသင်းခွဲ၏ လူမှုကရုဏာလုပ်ငန်းများတွင် တက်ကြွစွာဆောင်ရွက်လျက်ရှိသူတစ်ဦးလည်းဖြစ်သည်။

Read More

  20/ Jan/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် WHOအဖွဲ့အားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် WHOအဖွဲ့အားလက်ခံတွေ့ဆုံ ====================== ရန်ကုန်၊ ဇန်နဝါရီလ ၂၀ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် WHO မှ Dr Cecilia Mary Rose နှင့် Programme Officer Ms Carol Isobel Drayton နှင့်အဖွဲ့အား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ(၂၀) ရက်နေ့ နံနက်(၁၁)နာရီတွင် အသင်း ရန်ကုန်ရုံးခွဲတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာအမယာမော်နိုင်၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါ်ညိုညိုဝင့်၊ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသီတာကြူနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြြပီး ကျန်းမာရေးနှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။  

Read More

  17/ Jan/ 2020

မန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် တိုယိုတာမော်တော်ကော်ပိုရေးရှင်း(ရန်ကုန်)Chief Representative နှင့်အဖွဲ့အားတွေ့ဆုံ

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင် မောင်မြင့်သည် တိုယိုတာမော်တော်ကော်ပိုရေးရှင်း(ရန်ကုန်)မှ Chief Representative Mr.Yoshihisa Tonozuka နှင့် အဖွဲ့အား မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ရန်ကုန်)ရုံးခွဲတွင် ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီ ၁၄ရက်၊ နံနက် ၉နာရီခွဲအချိန်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲသို့ အသင်းဥက္ကဌနှင့်အတူဒုတိယဥက္ကဌဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွှန့်၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် အသင်းနှင့် တိုယိုတာမော်တော်ကော်ပိုရေးရှင်းတို့လက်ရှိဆောင်ရွက် လျက်ရှိသည့်ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးပညာပေးအစီအစဉ်ကိုဆွေးနွေးခဲ့ကြပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်များမှ အခြေခံပညာမူလတန်းကျောင်း(၅)ကျောင်းတွင် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးပညာပေးအစီအစဉ်ကို လုပ်ဆောင်လျက်ရှိပြီး ဆရာ/ဆရာမ (၁၂၀) ဦး၊ Grade (3) မှကျောင်းသား/သူ (၁၂၅၀) ဦး၊ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၄ ) ဦးအား အသိပညာဖြန့်ဝေထားပြီးဖြစ်သည်။

Read More

  10/ Jan/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် ဆွီဒင်ကြက်ခြေနီအသင်းဥက္ကဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် ဆွီဒင်ကြက်ခြေနီအသင်းဥက္ကဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
= = = = = = = = = = = =
ရန်ကုန်၊ ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် ဆွီဒင်ကြက်ခြေနီအသင်းဥက္ကဌ Ms. Margareta Wahlstrom ဦးဆောင်သော အဖွဲ့အား၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့က အသင်း(ရန်ကုန်)ရုံးခွဲတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲသို့ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင်၊ ဒုတိယအထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ ဆွီဒင်ကြက်ခြေနီအသင်းဥက္ကဌ Margareta Wahlstrom ၊ Country Representative Ms. Anna Grauers Fischer နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံရာတွင် အသင်း၏ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများ၊ လက်ရှိပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Read More

  04/ Jan/ 2020

တောင်ကြီးတွင် (၇၂)ကြိမ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားပြုလုပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများတက်ရောက်

တောင်ကြီး၊ ဇန်နဝါရီ၄။

(၇၂)ကြိမ်မြောက်လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကို ဇန်နဝါရီ ၄ရက်နေ့တွင် တောင်ကြီးမြို့၊ အဝေရာမိုးပုံးပံျကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။ အဆိုပါလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုပြည်နယ်မှူးဦးအောင်ကျော်မျိုးနှင့်အတူ လူငယ်ခေါင်းဆောင် တတိယတန်းဦးစီးမှူးဒေါ်ဇွန်လေးဝေ၊ မြို့နယ်ဒုတပ်ဖ့ွဲမှူးဦးဖြိုးဝေခိုင်နှင့် ဦးစိုင်းကျော်တင့်၊ ဒုမြို့နယ်တပ်ဖဲ့ွမှူးဦးရန်ပိုင်၊ ပင်လောင်းမြို့နယ်ကြက်ခြေနီတပ်ခွဲမှူးဦးထွန်းထွန်းလွင်၊မြို့နယ်တပ်စုမှူးဦးမျိုးမြင့်အောင်/ဦးစိုင်းလင်းလင်း၊ဦးဝေယံဖြိုး/ဒေါ်နန်းစန်းစန်းဦး နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ကျား(၁)ဦး၊မ(၈)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Credit to : ဦးထွန်းထွန်းလွင်

Read More

  01/ Jan/ 2020

၂၀၂၀ ခုနှစ်၊ နှစ်သစ်ကူးအချိန်အခါသမယတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာ မောင်မောင်မြင့်၏ နှုတ်ခွန်းဆက် သဝဏ်လွှာ

ချစ်ခင်လေးစားအပ်ပါသော ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီအသင်းဝင်များနဲ့ မိဘ ပြည်သူအပေါင်းတို့ ခင်ဗျာ - ဒီနေ့ဟာဆိုရင် ၂၀၂၀ ခုနစ် ရဲ့ နှစ်သစ်အခါသမယဖြစ်ပါတယ်။ အခုလို နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မှာ မြန်မာနိုင်ငံတစ်ဝန်းက ကြက်ခြေနီစေတနာလုပ်အားရှင်များနဲ့ မိဘပြည်သူအပေါင်း ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည်စုံကြပါစေကြောင်းနဲ့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့အချိန်အခါမှာ နှစ်ဟောင်းက ကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ်အပေါင်းမှ လွန်မြောက်ကင်းဝေးကာ ကောင်းကျိုး မင်္ဂလာအဖြာဖြာနဲ့ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ နှစ်စဉ်ပြောင်းလဲနေတဲ့ ရာသီဥတုကြောင့် ကမ္ဘာပေါ်မှာ သဘာ၀ ဘေးအန္တရာယ်တွေ အများအပြား ဖြစ်ပေါ်လျက်ရှိပြီး ထိခိုက်ခံစားရသူများလည်း သန်းပေါင်းများစွာရှိနေပါတယ်။ ဒီလို ထိခိုက်ခံစားရ သူများကို ကျွန်တော်တို့ ကြက်ခြေနီစေတနာလုပ်အားရှင်များ အနေနဲ့ အကူအညီ လိုအပ်သူ မည်သူ ကိုမဆို ကြက်ခြေနီအခြေခံမူများနဲ့အညီ  ကြားနေကာ ခွဲခြားခြင်း အလျဉ်းမရှိဘဲ ဆင်းရဲ ချမ်းသာ မရွေး၊ နေရာဒေသမရွေး မေတ္တာကရုဏာ အပြည့်ဖြင့် လူမှုကရုဏာအကူအညီများ ပေးလျက်ရှိ ပါတယ်။ မိမိတို့ အသင်းသည် နိုင်ငံအတွင်း သက်တမ်းအရှည်ကြာဆုံး လူမှုကရုဏာအဖွဲ့အစည်း ဖြစ်သည့် အပြင် နိုင်ငံတော်က ဥပဒေနဲ့အညီ ဖွဲ့စည်းပေးထားပြီး နိုင်ငံတော်၏ လူမှုကရုဏာ လုပ်ငန်းများတွင် အရန်အင်အားအဖြစ် ပါဝင်ဆောင်ရွက်နေသော အသင်းဖြစ်သည်နှင့်အညီ စေတနာလုပ်အားရှင် များအနေဖြင့် စေတနာ၊ ဝါသနာကို အရင်းခံကာ နိုင်ငံ ဂုဏ်သိက္ခာ၊ အသင်း ဂုဏ်သိက္ခာ၊ တစ်ဦးချင်း ဂုဏ်သိက္ခာကို စောင့်သိ လိုက်နာ ထိန်းသိမ်းကာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး အများပြည်သူ အတွက် လူမှုကရုဏာလုပ်ငန်းများကို ဆတက်ထမ်းပိုး စွမ်းဆောင်ပေးကြပါစေ၊ တဆက်တည်း မှာပဲ ယနေ့ခေတ် တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာများကိုလည်း စဉ်ဆက်မပြတ် ဆည်းပူး လေ့လာကာ လူမှုကရုဏာလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ကြပါစေလို့ တိုက်တွန်း လိုပါတယ်။ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ ၁၃ ကြိမ်မြောက် ကြက်ခြေနီညီလာခံမှာ အသင်းနာယက နိုင်ငံတော်သမ္မတကြီး မိန့်ကြားခဲ့တဲ့ “မည်သည့်အဖွဲ့အစည်းမှ အမြဲတမ်း ပြီးပြည့်စုံခြင်း မရှိသည့် အတွက် ကြက်ခြေနီ စေတနာလုပ်အားရှင်များဟာ အခြေအနေ အချိန်အခါနှင့် လိုက်လျော ညီထွေ ရှိအောင် ပြုပြင်သင့်သည်များကို ပြုပြင်ပြောင်းလဲခြင်းများ လုပ်ရမှာဖြစ်ပြီး ပြောင်းလဲနိုင်သည့် စွမ်းဆောင်ရည်များ လိုအပ်သကဲ့သို့ ခံနိုင်ရည်လည်းရှိရမည်ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲရာတွင် ဝေဖန်ပိုင်းခြားပြီး ခွဲခြားသိနိုင်သည့် ဉာဏ်ပညာအမြော်အမြင်ရှိရန် လိုအပ်သကဲ့သို့ ခေတ်နဲ့အညီ ပြောင်းလဲ တိုးတက်နေတဲ့ နည်းပညာတွေကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြဖို့နဲ့ အတွေ့အကြုံ ပေါ် မှုတည်ပြီး ရရှိ လာတဲ့ အခက်အခဲတွေ၊ သင်ခန်းစာတွေ၊ အောင်မြင်မှုတွေကို လေ့လာ ဆန်းစစ် ကာ လူမှုကရုဏာ လုပ်ငန်းတွေမှာ ထိရောက်စွာ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဆိုတဲ့ အမှာစကား အတိုင်း  ၂၀၂၀ ခုနှစ် မှာလည်း မျှော်မှန်းထားသည့်အတိုင်း လူမှုကရုဏာအကူအညီ လိုအပ်နေ သူတွေကို တတ်အားသရွေ့ ကူညီပေးရင်းဖြင့် ကြက်ခြေနီ၏ သမိုင်းမှတ်တမ်းကောင်း များ ထားရစ်နိုင် ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ချစ်ခင်လေးစားအပ်ပါသော ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီအသင်းဝင်များနဲ့ မိဘပြည်သူ အပေါင်းတို့ ခင်ဗျာ - ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ မွန်မြတ်လှတဲ့ လူမှုကရုဏာခရီးလမ်းကို တာဝန်ယူမှု၊ တာဝန် ခံမှု အပြည့်ဖြင့် မည်သို့သောစိန်ခေါ်မှုများ၊ အခက်အခဲများ ကြုံတွေ့စေကာမူ ဖြေရှင်း ကျော်လွန် နိုင်သော အသင်း၏ ဂုဏ်သိက္ခာ၊ ပုံရိပ်ကို ပိုမို ထွန်းလင်း တောင်ပအောင် ဆောင်ရွက်နိုင်ကြသော ကြက်ခြေနီများ ဖြစ်ကြပါစေကြောင်းနဲ့ ပြည်သူများနှင့် အတူလက်တွဲကာ ညီညီညွတ်ညွတ် ဆောင် ရွက်နိုင်ကြပါစေကြောင်း မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူး အချိန်အခါသမယမှာ ဆန္ဒပြု ဆုမွန်ကောင်း တောင်းအပ်ပါတယ်။   ဒေါက်တာမောင်မောင်မြင့် ဥက္ကဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း (၁-၁-၂၀၂၀)

Read More

  25/ Feb/ 2019

ကျိုင်းလပ်မြို့နယ် ကြက်ခြေနီအသင်းခွဲငယ်ရုံးမြေနေရာလှူဒါန်းခြင်းနှင့် အသင်းအဆိုပြုလွှာပေးအပ် 

= = = ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၅ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျိုင်းလပ်မြို့နယ် ကြက်ခြေနီအသင်းခွဲငယ်ရုံးနေရာအတွက် မြေကွက် ( ပေ ၄၀ x ၈၀) လှူဒါန်းခြင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဖူလိုင်ဟိုတယ်၌ ကျင်းပသော မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီအသိပညာပေးအလုပ်ရုံဆွေးနွေးပွဲတွင် ပေးအပ် လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတွင် တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ကြက်ခြေနီတပ်ခွဲမှူး ဦးသန်းစိန်မှ ကျိုင်းလပ်မြို့ကြက်ခြေနီအသင်းခွဲငယ်ရုံးဖွင့်လှစ်နိုင်ရန်အတွက် မြေနေရာလှူဒါန်းခဲ့ရာ အသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူမှ အသင်းကိုယ်စားလက်ခံခဲ့ပါသည်။ ဆက်လက်ပြီး အခမ်းအနားအစီအစဉ်အရ ကြက်ခြေနီအသင်းဝင်အဆိုပြုလွှာများအား ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးစိုင်းလုံဆုမှ အသင်း ဥက္ကဌထံလွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ အသင်းခွဲငယ်ရုံးဆောက်လုပ်ပြီးစီးပါက ဒေသဖွံ့ဖြိုးရေးအပြင် လူမှုကရုဏာလုပ်ငန်းများဖြစ်သည့် ကျန်းမာရေး မြှင့်တင်ခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲခြင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေး၊ စေတနာ သွေးသန့်သွေးလှူရှင်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး၊ လူငယ်များပါဝင်ရေး၊ မြို့နယ်အသင်းခွဲများနှင့် စေတနာ လုပ်အားရှင်များဖွံဖြိုးတိုးတက်ရေး၊ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးနှင့်အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများမှတဆင့် ရပ်ရွာလူထုကို ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားစေရန်စသည့်တို့ကို ပိုမို ဆောင်ရွက်နိုင်စေမည် ဖြစ်ပါသည်။ Credit; ဒေါ်တိုးတိုးအေး

Read More