08/ May/ 2020

၂ဝ၂၀ ပြည့်နှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် ပေးပို့သည့် သဝဏ်လွာ

ယနေ့ မေလ(၈)ရက်နေ့ဟာ ကမ္ဘာနိုင်ငံအသီးသီးမှ လှုပ်ရှားဆောင်ရွက်နေကြတဲ့ ကြက်ခြေနီ လခြမ်းနီ အသင်းပေါင်း(၁၉၂)သင်းရဲ့ အထင်ကရ နေ့ထူးနေ့မြတ် တစ်ရက် ဖြစ်တဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ပဲဖြစ်ပါတယ်။ အထူးသဖြင့် ဒီကနေ့ဟာ တစ်ကမ္ဘာလုံးက ကြက်ခြေနီ လူမှုကရုဏာကွန်ယက်အတွင်း လှုပ်ရှားဆောင်ရွက်နေကြတဲ့ ကြက်ခြေနီ စေတနာလုပ်အားရှင်များ အားလုံးအတွက် အစဉ်သတိရ အမှတ်ရနေမဲ့ နေ့ရက်လည်း ဖြစ်ပါတယ်။ ဒီလို အချိန်အခါ သမယမှာ မြန်မာနိုင်ငံတစ်ဝန်းက ကြက်ခြေနီအသင်းဝင်များ၊ တပ်ဖွဲ့ ဝင်များ၊ စေတနာလုပ်အားရှင်များ၊ ကြက်ခြေနီရဲ့ ဆောင်ရွက်ချက်တွေကို တဖက် တလမ်းက လူအင်အား၊ ငွေအင်အား၊ နည်းပညာတို့ဖြင့် ဝိုင်းဝန်းကူညီပေးကြတဲ့ အလှုရှင်၊ စေတနာရှင်များ အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူအားလုံး ကျန်းမာ ချမ်းသာ ရောဂါကင်းကွာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ဒီနှစ်ကတော့ အားလုံးသိကြတဲ့အတိုင်း မကြုံစဖူး ကမ္ဘာ့ကပ်ရောဂါ COVID 19 ကို ရင်ဆိုင် တိုက်ခိုက်နေကြရတဲ့ အချိန်ဖြစ်တဲ့အတွက် ကမ္ဘာသူ ကမ္ဘာသား အားလုံး ကြောက်မက်ဖွယ် အိမ်မက်ဆိုးကြီးကို တွန်းလှန်နေရတဲ့ အချိန်အခါလဲ ဖြစ်နေပါ တယ်။ ဒီလိုအချိန်မှာ ကမ္ဘာတစ်ဝန်းက မိတ်ဖက်ကြက်ခြေနီအသင်းတွေအားလုံးလည်း မိမိတို့နိုင်ငံအတွက် ကြက်ခြေနီရဲ့လူမှုကရုဏာ အကူအညီတွေကိုအကောင်းဆုံးဆောင် ရွက်ပေးနေကြတာကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာတွေ့မြင်နေရပါတယ်။ အလားတူ မြန်မာနိုင်ငံမှာလည်း ရာသီဥတုပြောင်းလဲမှုရဲ့ ရိုက်ခတ်တဲ့ ဒဏ်တွေ၊ ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် နေရပ်စွန်ခွာခဲ့ကြရတာတွေကို ပြည်သူအများ ထိခိုက် ခံစားနေကြရပြီး ဒီလိုအတိဒုက္ခတွေနဲ့ ကြုံတွေ့တိုင်းမှာ ကျွန်တော်တို့ရဲ့ ကြက်ခြေနီ အသင်းဝင်တွေ၊ တပ်ဖွဲ့ဝင်တွေ၊ စေတနာလုပ်အားရှင်တွေ အနေနဲ့ မိမိတို့ဒေသ အသီး သီးမှာ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေး နေကြတဲ့ မြင်ကွင်းတွေဟာဆိုရင် အသင်း ကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အလွန်ပဲ ကျေနပ်အားရ ဂုဏ်ယူ မိပါတယ်။ နှစ်စဥ် ဒီနေ့ ဒီအချိန်မှာ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံအလိုက် လှုပ်ရှားမှုကို အသွင်အမျိုးမျိုးနဲ့ ကျင်းပပြုလုပ်လေ့ရှိကြသော်လည်း ဒီနှစ်မှာတော့ လူစုလူဝေး မပြုလုပ်နိုင်တဲ့အခြေအနေမှာ အားလုံး ဂရုပြု အလေးထားလိုက်နာဆောင် ရွက်ကြရမှာဖြစ်တဲ့အတွက် မိမိတို့ဒေသအလိုက် အထိမ်းအမှတ်ပြုလုပ်ကြမည်ဆိုပါက သတ်မှတ်ထားတဲ့ စည်းကမ်းချက်များနဲ့အညီ လူဦးရေ အနည်းဆုံးနဲ့ အကျဉ်းချုံးသာ လုပ်ဆောင်ကြဖို့ အထူးမှာကြားလိုပါတယ်။ အများအကျိုး ဆောင်ရွက်ပေးနေကြသော ကြက်ခြေနီများ ဖြစ်ကြတဲ့အတွက် အခြားသူများထက် ပိုမို စည်းကမ်းလိုက်နာပေးကြ ဖို့ အနူးအညွတ် ပြောကြားလိုပါတယ်။ ယခု ၂ဝ၂၀ ပြည့်နှစ်အတွက် ရွေးချယ်ထားတဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ ဆောင်ပုဒ်ကတော့ ‘Keep Clapping’ မြန်မာလိုဆိုရင် ‘လက်ခုပ်တီးလို့ ဆက်လက်အားပေး ဂုဏ်ပြု ကြပါစို့’ ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ရဲ့ ရည်ရွယ်ချက်ကတော့ ယနေ့ကမ္ဘာပေါ်မှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့ COVID 19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်မှုတွေ ဆောင် ရွက်နေချိန်မှာ ကျွန်တော်တို့အားလုံးအတွက် ရှေ့တန်းကနေ တာဝန်ယူဆောင်ရွက် ပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကူညီပေးနေကြတဲ့ စေတနာလုပ်အားရှင် တွေ အားလုံးကို အားပေးဂုဏ်ပြုလိုတဲ့အတွက် ဒီဆောင်ပုဒ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ် ပါတယ်။ လက်ရှိမှာလည်း နိုင်ငံတိုင်းလိုမှာ အား‌ပေးဂုဏ်ပြု လက်ခုပ်တီးပေးနေကြ တာကို နေ့စဉ် သတင်းတွေမှာ မြင်တွေ့ ကြားသိ နေရပါတယ်။ ယခုလို ကပ်ရောဂါဆိုးကြီးကို ရှေ့တန်းက တိုက်ပွဲဝင်နေကြသူ တစ်ဦးတစ်ယောက် စီ တိုင်းမှာလည်း ခက်ခဲတဲ့အချိန်တွေ ဖြစ်သလို အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ ဆောင်ရွက်ပေးနေသူများ ဖြစ်ကြတဲ့အတွက် ကျွန်တော်တို့အားလုံးက ထိုသူများကို ရည်ညွှန်းပြီး ယနေ့ မေလ(၈)ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့မှာ တညီတညွတ်တည်း ပြိုင်တူ ကျယ်လောင်စွာ လက်ခုပ်တီးအားပေးကြဖို့ နှိုးဆော်ချင်ပါတယ်။ COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “တစ်ဦးနှင့် တစ်ဦး နွေး ထွေးမှုပေးကာ စေတနာဖြင့် တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးကြစေလိုကြောင်း ဒီလိုဆောင်ရွက်ကြမည်ဆိုပါက လူသားအရင်းအမြစ်မှ အစပြု၍ ရုပ်ပိုင်းဆိုင်ရာ အရင်း အမြစ်အဆုံး အားနည်းသည့် ကာလဖြစ်နေပါစေ အဆိုပါအရာ အားလုံးကို ကျော်လွှား နိုင်မည်ဟုယုံကြည်ပါကြောင်း” တို့ကို COVID 19 အတည်ပြုလူနာနှင့် ရောဂါကူးစက် ခြင်းမှ ပြန်လည်ကောင်းမွန်စပြုလာကြသူများနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့် နေ့က ပြောကြားခဲ့သည့်အတိုင်း ကျွန်တော်တို့ရဲ့ ကြက်ခြေနီ အသင်းဝင်၊ တပ်ဖွဲ့ဝင်၊ စေတနာ လုပ်အားရှင်များ အနေနဲ့လည်း COVID 19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတော်ရဲ့ လူမှုကရုဏာ အခန်းကဏ္ဍတစ်ရပ်အဖြစ် ကြိုးစား လုပ်ဆောင်ပေးကြဖို့ မှာကြားလိုပါတယ်။ ကြက်ခြေနီတိုင်းဟာ စေတနာ၊ ဝါသနာကို အရင်းခံကာ လူသားချင်း စာနာတဲ့စိတ်၊ ကရုဏာ မေတ္တာစိတ် အရင်းခံဖြင့် ကြက်ခြေနီအခြေခံမူများအတိုင်း  စည်းကမ်းရှိရှိ ညီညီညွတ်ညွတ် ဆောင်ရွက်ကြရမှာ ဖြစ်သလို အသင်းပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ထိခိုက် စေမည့် မှားယွင်းသော သတင်းအချက်အလက်တွေ တွေ့ရှိပါကလည်း မှန်ကန်တဲ့ သတင်းအချက်အလက်များကို ယဥ်ကျေးစွာ ပြန်လည်ဖြန့်ဝေပေးကြဖို့ အထူး လိုအပ် ပါတယ်။ ဒါမှသာ ကြက်ခြေနီ၏ လူမှုကရုဏာဆောင်ရွက်မှုတွေအပေါ် အများပြည်သူ က ပိုမိုယုံကြည် လက်ခံလာမှာ ဖြစ်ပါတယ်။ ယခုလို မင်္ဂလာရှိလှတဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ အခါသမယမှာ ကြက်ခြေနီအသင်းဝင်၊ တပ်ဖွဲ့ဝင်၊ စေတနာလုပ်အားရှင်များအားလုံး COVID 19 ရောဂါ ကပ်ဘေးမှ ကင်းဝေး ကာ ကိုယ်စိတ်နှလုံး ချမ်းမြေ့ကြပါစေလို့ ဆန္ဒပြု ဆုမွန်ကောင်းတောင်းရင်း နိုင်ငံတစ် ဝန်းက COVID 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို ဆောင်ရွက်ပေးနေသူ တစ်ဦးတစ်ယောက်တိုင်းအတွက် ကျွန်တော်တို့အားလုံး တစ်ပြိုင်နက်တည်း လက်ခုပ် တီးလို့ ဆက်လက်အားပေးဂုဏ်ပြုကြဖို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်လိုက်ပါတယ်။   ဒေါက်တာမောင်မောင်မြင့်       ဥက္ကဋ္ဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း

Read More

  09/ Apr/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် COVID-19 ရောဂါကာကွယ်ရေးအတွက် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် လုပ်အားပေးနေသည့် ကြက်ခြေနီစေတနာလုပ်အားရှင် များအား သွားရောက်ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူတက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်လျှက်ရှိရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၈ ရက်နေ့ နေ့လည်ပိုင်းတွင် သင်္ကန်းကျွန်းမြို့နယ်ရှိ အသွားအလာကန့်သတ်စောင့် ကြည့်ရေးစခန်းတွင် လုပ်အားပေးနေကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် အချိန်ပြည့်အလုပ်အမှုဆောင်ဒေါက်တာ တင်ညွန့်၊ ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကျော်မိုးကြည်နှင့် တာဝန်ရှိသူများ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်၊ အဖွဲ့အစည်းဆိုင်ရာဖွံဖြိုးတိုးတက်ရေးဌာနညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်နှင့် အတူ အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် လုပ်အားပေးနေကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျေးဇူးတင် အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် အသင်းမှပံ့ပိုးသည့်အထောက်အကူပြုပစ္စည်းများ၊ ကိုကာကိုလာကုမ္ပဏီမှ လှူဒါန်းသည့်ရေသန့်နှင့်အချိုရည်များ၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဒုတိယဥက္ကဌ ဦးတင်မောင်မှလှူဒါန်းသည့်လက်သန့်ဆေးရည် ဗူး ၅၀၀ တို့ကိုပေးအပ်ခဲ့ပါသည်။ အသင်းဥက္ကဌသည် ယနေ့နံနက်ပိုင်းကလည်း တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ဖွင့်လှစ်ထား သည့် တိုင်းအဆင့်အရေးပေါ်ကွပ်ကဲမှုကြက်ခြေနီစင်တာကိုသွားရောက်ကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး နှင့် တာဝန်ရှိသူများအား တွေ့ဆုံကာ လိုအပ်ချက်များကိုညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ နိုင်ငံတစ်ဝန်းဒေသအသီးသီးတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပြည်သူများနှင့်အတူ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

Read More

  09/ Apr/ 2020

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Royal-Dမှ ပစ္စည်းများလာရောက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Myanmar Oasis Co.,Ltd(Royal D)မှ ဒါရိုက်တာ ဦးဝေလင်းနှင့် Consultant ဒေါက်တာကျော်လင်းတို့အဖွဲ့က ဧပြီလ ၉ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အသင်းရုံးခွဲတွင် စုစုပေါင်း တန်ဖိုးငွေကျပ်(၃,၄၅၀,၀၀၀) တန်ဖိုးရှိ Digital Thermometer (၅)ခု၊ နှာခေါင်းစည်း Surgical Mask (၃၀၀၀)ခု၊ Royal-D (၅၀၀၀)ဗူး တို့အားလာရောက်လှူဒါန်းရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်နှင့် အချိန်ပြည့်အလုပ်အမှုဆောင်ဒေါ်ကြူကြူဝင်းတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ Image may contain: 2 people, people sitting and indoor

Read More

  03/ Apr/ 2020

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Total E & P Myanmar မှ အလှူငွေ ပေးအပ်

ရန်ကုန်၊ ဧပြီလ ၃ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Total E & P Myanmar မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အလှူငွေ ပေးအပ်လှူဒါန်းပွဲ ကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၃ ရက်နေ့ နံနက်(၁၀)နာရီက ရန်ကုန်မြို့ရှိ အသင်းရုံးခွဲတွင်ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ Total E & P Myanmar (Yadana Project) General Manager Mr.Romaric Roignan ကလှူဒါန်းရခြင်းအကြောင်းကိုရှင်းလင်းပြောကြားပြီး အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကိုလှူဒါန်းရာအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် က လက်ခံရယူပြီး COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် အကျိုးရှိထိရောက်စွာအသုံးပြုသွားမည်ဖြစ်ပါကြောင်းပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အချိန်ပိုင်း အမှုဆောင်များဖြစ်ကြသော ဒေါက်တာတင်ညွန်နှင့် ဒေါက်တာထိန်လင်း၊ အရင်းအမြစ်များစုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုး၊ ကျန်းမာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေထက်လင်းတို့တက်ရောက်ခဲ့ပြီး Total E&P Myanmar (Yadana Project)မှ General Manager Mr.Romaric Roignan ၊  CSR Manager ဒေါ်ဆွေဆွေဝင်းနှင့် National Program Coordinator ဉီးခင်မောင်တင့် တို့တက်ရောက်ကြပါသည်။ လှူဒါန်း‌ငွေများဖြင့် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် PPE ပစ္စည်များနှင့် အသိပညာပေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ရာ ယခုကဲ့သို့လှူဒါန်းမှုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် Total E&P Myanmar (Yadana Project)အားလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။

Read More

  05/ Mar/ 2020

အမေရိကန်ကြက်ခြေနီအသင်းမှ ပေးအပ်သည့် အပြည်ပြည်ဆိုင်ရာ လူမှုကရုဏာလုပ်ငန်းဆုလက်ခံရယူ

ရန်ကုန်၊ မတ်လ ၄ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌဒေါက်တာမောင်မောင်မြင့်သည် အချိန်ပြည့်အလုပ်အမှုဆောင်များ ဖြစ်သည့် ဒေါက်တာတင်ညွန့်နှင့် ပါမောက္ခဒေါက်တာဒေါ်မြသူ၊ ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ် ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းတို့နှင့် အတူ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ အမေရိကန်ကြက်ခြေနီအသင်းရုံးချုပ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လ (၄) ရက်နေ့က အမေရိကန်ကြက်ခြေနီအသင်းမှ ချီးမြှင့်သည့် “အပြည်ပြည်ဆိုင်ရာလူမှုကရုဏာလုပ်ငန်းဆု (The International Humanitarian Services Award)” ကို အသင်းကိုယ်စားလက်ခံရယူခဲ့ပါသည်။ အဆိုပါဆုလက်ခံရရှိခဲ့ခြင်းမှာ အသင်းက နိုင်ငံတစ်ဝန်းတွင် လူမှုကရုဏာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ လခြမ်းနီလှုပ်ရှားမှု၏ အခြေခံမူများနှင့်အညီ လူသားချင်းစာနာထောက်ထားမှု၊ လူသားဂုဏ်သိက္ခာတန်ဖိုးထားနိုင်မှု၊ လေးစားမှု၊ စိတ်ပိုင်းနှင့်် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးနိုင်မှုနှင့် ကူညီဆောင်ရွက်ပေးခဲ့မှုများကြောင့် အမေရိကန်ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ပေးအပ်သည့်ဆုဖြစ်ပါသည်။

Read More

  01/ Mar/ 2020

ဟင်္သာတမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မီးဘေးသင့်သူများအား သွားရောက် ကူညီ

ဟင်္သာတ၊ မတ်လ ၁ရက် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၂၉ရက်နေ့က ဟင်္သာတမြို့နယ် ဘုရားကြီးရပ်ကွက် ကုန်ရုံလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု(၁၀)စု အိုးအိမ်ဆုံးရှုံးခဲ့ရသည်။ ၂၀၂၀ပြည့်နှစ် မတ်လ၁ရက်နေ့တွင် အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဟင်္သာတမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ၊ ဒုဥက္ကဌ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ သွားရောက်ကာ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း၊ စောင်၊ ခြင်ထောင်၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် တူများကို မီးဘေးသင့်အိမ်ထောင်စု၁၀စုစာအတွက်ထောက်ပံ့ပေးခဲ့ပါသည်။

Read More

  15/ Feb/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ COVID-19 ဗိုင်းရပ်စ်အကြောင်းသိကောင်းစရာဆွေးနွေးပွဲပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၅

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနမှ ပြုလုပ်သည့် COVID-19 ဗိုင်းရပ်စ် အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကို ၂၀၂ဝပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၊ စုဝေးခန်းမတွင်ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့အသင်းဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်၊ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသီတာကြူ၊ ဒုတိယညွှန်ကြားရေးမှူးများဖြစ်ကြသော ဒေါက်တာနေထက်လင်းနှင့် ဒေါက်တာမျိုးမြင့်အောင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီလူငယ်ခေါင်းဆောင်များတက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင်အသင်းဒုတိယဥက္ကဌက အမှာစကားပြောကြားခဲ့ပြီး ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး နှင့် ဒုတိယညွှန်ကြားရေးမှူးများက COVID-19 ဗိုင်းရပ်စ် အကြောင်း သိကောင်းစရာများနှင့် ကာကွယ်ရန်အချက်များကို ရှင်းလင်းဆွေးနွေးကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးစာစောင်များကိုလည်း ပေးဝေခဲ့ပါသည်။

Read More

  14/ Feb/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်တွင် COVID19 ဗိုင်းရပ်စ်အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းပြုလုပ်သည့် COVID-19 ဗိုင်းရပ်စ် အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ အသင်းဌာနချုပ်၊ စုဝေးခန်းမတွင်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကိုပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာသန်းနိုင်စိုးက COVID19 ဗိုင်းရပ်စ်နှင့် ပတ်သက်သော သိကောင်းစရာများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအင်ကြင်းအောင်နှင့် လက်ထောက်ဆရာဝန် ဒေါက်တာထက်လင်းတို့က စနစ်တကျ လက်ဆေးနည်းကို သရုပ်ပြသရာ တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာသန်းနိုင်စိုးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအင်ကြင်းအောင်နှင့် လက်ထောက်ဆရာဝန် ဒေါက်တာထက်လင်း၊ အသင်းဌာန အသီးသီးမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီလူငယ်ခေါင်းဆောင်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ ကြပါသည်။ Credit to : လူမှုကရုဏာလုပ်ငန်းဆိုင်ရပြန်ကြားဆက်သွယ်ရေးဌာန #MRCS #COVID19 #Protection #HealthCare  

Read More

  14/ Feb/ 2020

ကြက်ခြေနီမှ 2019-nCoV Acute Respiratory Disease ရောဂါကာကွယ်နှိမ်နင်းရေးသင်တန်းကို ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနှင့် ပူးပေါင်း ပြုလုပ်

မန္တလေး၊ ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံကြက်ခြေနီအသင်း မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ကြီးမှူးပြုလုပ်သော 2019-nCoV Acute Respiratory Disease ရောဂါကာကွယ်နှမ်နင်းရေးသင်တန်း (Infection control) ကို မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ မနက်၁၀နာရီကကျင်းပခဲ့သည်။
အဆိုပါသင်တန်းကို မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းသန်းမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဦးစီးမှူးဉီးသန်းထွန်း၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များတက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းသန်းမြင့်မှ
အဖွင့်အမှာစကားပြောကြား၍ တိုင်းရောဂါနှိမ်နင်းရေးအဖွဲ့မှ ကူးစက်ရောဂါအကြောင်းသင်တန်းပို့ချပေးခဲ့ပါသည်။

Read More