30/ Jun/ 2022

အရေးပေါ်သွေးလိုအပ်နေသူအား ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးက သွေးသန့်လှူဒါန်း

ကျောက်တော်၊ ဇွန်လ (၂၉) ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာတစ်ဦးသည် အရေးပေါ်သွေးလိုအပ်လျှက်ရှိရာ ကျောက်တော်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် ဦးဘိုအောင်သိန်းမှ (A+) သွေးတစ်လုံးကို သွားရောက်လှူဒါန်းပေးခဲ့ပါသည်။

Read More

  30/ Jun/ 2022

ကြင်နာစိတ်ထားကြက်ခြေနီများ လူတိုင်းအပေါ်ကူညီသွား

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်မှာ မြို့နယ်အတွင်း လူမှုကရုဏာအကူအညီလိုအပ်နေတဲ့ ရပ်ရွာလူထုအတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်တွေက တတ်စွမ်းသရွေ့အကူအညီတွေကို ဆောင်ရွက်ပေးနေကြပါတယ်။
အဲ့ဒီလိုဆောင်ရွက်ပေးရာမှာ ရှေးဦးပြုစုခြင်းကျွမ်းကျင်သူ ကြက်ခြေနီစေတနာလုပ်အားရှင်တွေနဲ့ ရှေးဦးပြုစုခြင်းအကူအညီတွေပြုလုပ်ပေးသလို လူနာတင်ယာဉ်လိုအပ်သူလူနာတွေအတွက်လည်း လူနာတင်ယာဉ်ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထို့ပြင် သွေးလိုအပ်သူလူနာတွေအတွက် သွေးလှူဒါန်းပေးခြင်းနဲ့ သွေးအလှူရှင်ချိတ်ဆက်ပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအသိပညာပေး၊ ဖုံး/သွန်/လဲ/စစ် ပြုလုပ်ခြင်း၊ COVID 19 ရောဂါတုံ့ပြန်ဆောင်ရွက်ခြင်းနဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးခြင်း၊ သဘာဝဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါကလည်း အကောင်းဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ပြုလုပ်လျက်ရှိကြပါတယ်။
ကြက်ခြေနီလှုပ်ရှားမှုတွေဟာ အခြေခံမူ(၇)ချက်နဲ့အညီ ဆောင်ရွက်ကြရတာဖြစ်ပြီး ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာလည်း မိမိတို့ရဲ့လူမှုကရုဏာဆောင်ရွက်ချက်တိုင်းမှာ ကြက်ခြေနီလှုပ်ရှားမှုကိုသာ ဦးတည်ဆောင်ရွက်ကြပြီး ရပ်ရွာလူထုအတွက် အထိရောက်ဆုံးအကူအညီတွေပေးနိုင်ဖို့ အချိန်တိုင်း ကြိုးပမ်းအားထုတ်နေကြတာပဲ ဖြစ်ပါတယ်။

Read More

  29/ Jun/ 2022

ငပုတောမြို့နယ်တွင်ကြက်ခြေနီက လူမှုကရုဏာလုပ်ငန်းများဆက်လက်ဆောင်ရွက်

မတော်တဆဖြစ်ပွားမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် အခြားရှေးဦးပြုစုခြင်းအကူအညီများလိုအပ်သည့် မည်သည့်အရေးပေါ်အခြေအနေများအတွက်မဆို လူနာတင်ယာဉ်ဝန်ဆောင်မှုကို အကောင်းဆုံးကူညီပေးနိုင်စေဖို့ ကြက်ခြေနီတွေဟာ မြို့နယ်အသင်းခွဲများအလိုက် စီစဉ်ဆောင်ရွက်ထားရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်မှာ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဇွန်လအတွင်း လူနာတင်ယာဉ်ဝန်ဆောင်မှုများစွာ ကူညီပေးနိုင်ခဲ့ပြီး ဇွန်လ(၄)ရက်နေ့က လေဖြတ်လူနာတစ်ဦးအား နေအိမ်မှ ပုသိမ်မြို့ရှိ လမင်းဆေးရုံသို့လည်းကောင်း၊ ဇွန်လ(၁၀)ရက်နေ့က သွေးလွန်တုပ်ကွေးလူနာကလေးငယ်တစ်ဦးအား ငပုတောဆေးရုံမှ ပုသိမ်ဆေးရုံကြီးသို့လည်းကောင်း၊ ဇွန်လ(၁၃)ရက်နေ့က အရေးပေါ်သွေးလွန်တုပ်ကွေးလူနာကလေးငယ်တစ်ဦးအား ငပုတောဆေးရုံမှ ပုသိမ်ဆေးရုံကြီးသို့လည်းကောင်း၊ ဇွန်လ(၁၄)ရက်နေ့က ငှက်ဖျားလူနာတစ်ဦးအား ငပုတောဆေးရုံမှ ပုသိမ်ဆေးရုံကြီးသို့လည်းကောင်း၊ ဇွန်လ(၁၆)ရက်နေ့က အရေးပေါ်လူနာအမျိုးသားတစ်ဦးအား ငပုတောဆေးရုံမှ ပုသိမ်ဆေးရုံကြီးသို့လည်းကောင်း၊ ဇွန်လ(၁၇)ရက်နေ့က ဆိုင်ကယ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား ပုသိမ်အရိုးအကြောဆေးရုံသို့လည်းကောင်း၊ ထိုမှတစ်ဆင့် ရန်ကုန်ကြည့်မြင့်တိုင်အရိုးဆေးရုံသို့လည်းကောင်း ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း အဆင့်ဆင့်လွှဲပြောင်းပေးခဲ့ပြီး လှိုင်သာယာ ရှိရိုးလေးကျေးရွာသို့လည်းကောင်း၊ ဇွန်လ (၁၈)ရက်နေ့က ဆိုင်ကယ်မတော်တဆဖြစ်ပွားမှုတွင် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား ရှေးဦးပြုစုပေးပြီး ငပုတောဆေးရုံသို့လည်းကောင်း၊ ဇွန်လ(၁၉)ရက်နေ့က ကမ်းနီကျေးရွာမှ မီးဖွားလူနာတစ်ဦးအား ငပုတောဆေးရုံနှင့် ရေငံသရက်ကုန်းကျေးရွာမှ အမျိုးသမီးလူနာတစ်ဦးအား ပုသိမ်ဆေးရုံသို့လည်းကောင်း၊ ဇွန်လ(၂၂)ရက်နေ့က ဖျန်ရေကျော်သင်္ဘောဆိပ်မှ အမျိုးသမီးလူနာတစ်ဦးအား ပုသိမ်ဆေးရုံကြီးသို့လည်းကောင်း၊ ဇွန်လ(၂၃)ရက်နေ့က တံခွန်တိုင်ကျေးရွာမှ ထိခိုက်ဒဏ်ရာရရှိသူကလေးတစ်ဦးအား ငပုတောဆေးရုံသို့လည်းကောင်း၊ ဇွန်လ(၂၆)ရက်နေ့က ငွေသောင်ယံစက်လှေဆိပ်မှ အမျိုးသားလူနာတစ်ဦးအား ပုသိမ်ဆေးရုံကြီးသို့လည်းကောင်း၊ ဇွန်လ(၂၆)ရက်နေ့က ငပုတောမြို့နယ်မှ အတက်ရောဂါလူနာကလေးငယ်တစ်ဦးအား ပုသိမ်ဆေးရုံကြီးသို့လည်းကောင်း အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြပါသည်။
ငပုတောမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ၂၄နာရီလူနာတင်ယာဉ်ဝန်ဆောင်မှုအတွက် အလှည့်ကျတာဝန်ထမ်းဆောင်လျက်ရှိပြီး လိုအပ်ပါက ရှေးဦးပြုစုခြင်းအကူအညီများပေးနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားလျက်ရှိကြပါသည်။

Read More

  29/ Jun/ 2022

ရပ်ရွာလူထုအတွက် လူမှုကရုဏာလုပ်ငန်းများ ကြက်ခြေနီ ဆောက်ရွက်

ကရင်၊ ဇွန်လ (၂၉) ရက်။
ကရင်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရှေးဦးပြုစုခြင်းပညာရပ်များဖြင့် ရပ်ရွာလူထုအားကူညီပေးလျှက်ရှိပြီး ရှေးဦးပြုစုခြင်းပညာရပ်များ ပြန့်ပွားရေးကိုလည်း ကြိုးစားဆောင်ရွက်လျှက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့က ဘားအံမြို့နယ်တွင် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းများကို ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါသင်တန်းများတွင် သင်တန်းသား၊ သင်တန်းသူ (၈၇) ဦး တက်ရောက်လျှက်ရှိပြီး ရှေးဦးပြုစုခြင်းသင်ခန်းစာများကို သင်တန်းကာလ (၄) ရက်တွင် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ထို့အပြင် မြို့နယ်တွင်ပြုလုပ်သော ရပ်ကွက်/ကျေးရွာအုပ်စု ပေါင်းစုံ အသက် (၂၁) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲများတွင်လည်း ထိခိုက်ဒဏ်ရာရရှိသူများအား ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးလျှက်ရှိပါသည်။
ဇွန်လ (၂၂) ရက်နေ့ကလည်း ဘားအံမြို့နယ်မှ အောက်ဆီဂျင်အရေးပေါ်လိုအပ်သူများအတွက် အောက်ဆီဂျင် (၄၀)လီတာ (၆)အိုးကိုလည်း မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီရှာဖွေပေးခဲ့ပါသည်။
လှိုင်းဘွဲ့မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ရွှေဂွန်း အခြေခံမူလတန်းကျောင်းလမ်းပြုပြင်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

Read More

  29/ Jun/ 2022

ကြင်နာစိတ်ထားကြက်ခြေနီများ လူတိုင်းအပေါ်ကူညီသွား

တာမွေမြို့နယ်မှာကြက်ခြေနီတွေဟာ လူမှုကရုဏာအကူအညီတွေကို ဆက်လက်ဆောင်ရွက်ပေးနေကြပါတယ်။ ယခု မိုးဦးကျကာလမှာ သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုတွေမြင့်တက်လာနိုင်တာကြောင့် ရပ်ရွာလူထုအတွင်း တွင်တွင်ကျယ်ကျယ်အသိပညာပေးလျက်ရှိကြကာ ရပ်ကွက်များတွင် အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ဖုံး/သွန်/လဲ/စစ် များဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ပေးနေကြပါတယ်။
ထို့ပြင် ၂၄နာရီ လူနာတင်ယာဉ်ဝန်ဆောင်မှုကိုလည်း အရှိန်အဟုန်မြှင့်လာကာ လူနာတင်ယာဉ်လိုအပ်သူတွေကို အချိန်နဲ့တပြေးညီကူညီပေးနေကြပြီး ရှေးဦးပြုစုခြင်းအကူအညီတွေကိုလည်း ကျွမ်းကျင်သူ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီပံ့ပိုးပေးလျက်ရှိကြပါတယ်။
COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာလည်း ဆေးထိုးရန်လာရောက်ကြသူတွေကို တွဲကူပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း၊ စာရင်းမှတ်တမ်းများပေးသွင်းပေးခြင်းနဲ့ အခြားလိုအပ်တဲ့ အကူအညီတွေဆောင်ရွက်ပေးနေကြပါတယ်။
ကြက်ခြေနီ အခြေခံမူ(၇)ချက်နဲ့အညီ အများအကျိုးအတွက် တာဝန်ထမ်းဆောင်ပေးနေကြတဲ့ ကျွန်ုပ်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ရပ်ရွာလူထုခံစားနေရတဲ့ဆင်းရဲဒုက္ခလျော့ပါးသက်သာစေရန်အတွက် သာမန်အခြေအနေတွေမှာသာမကဘဲ အရေးပေါ်အခြေအနေတွေနဲ့ ဘေးအန္တရာယ်ကျရောက်လာတဲ့အချိန်တိုင်း အစောဆုံးတုံ့ပြန်ဆောင်ရွက်ပေးသူတွေအဖြစ် ကျရာနေရာကနေ တတ်စွမ်းသရွေ့ကူညီဆောင်ရွက်ပေးလျက်ရှိနေကြပါတယ်။

Read More

  27/ Jun/ 2022

ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရာတွင် ကြက်ခြေနီပါဝင်ဆောင်ရွက်

မြဝတီ၊ ဇွန်လ (၂၇) ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းနှင့်ခွန်ဆာဝင်း သောင်ရင်းဘောကွင်းတို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
မြဝတီမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ မြဝတီမြို့ပေါ်မှပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
ရေကြီးရေလျှံမှုအန္တရာယ်များနှင့်ကြုံတွေ့လာရပါက စနစ်တကျ တုန့်ပြန်ဆောင်ရွက်နိုင်ရန် အဆိုပါသဏ္ဍာန်တူလေ့ကျင့်ခြင်းများကို ပြုလုပ်ခဲ့ပြီး ရေဘေးအန္တရာယ်အသိပညာပေးနှိုးဆော်ခြင်း၊ ရေနစ်သူများအား ကူညီကယ်ဆယ်ခြင်းနှင့် ရှေးဦးပြုစုခြင်း၊ ကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်း၊ စာရင်းမှတ်တမ်းကောက်ယူခြင်း၊ ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများဆီသို့ ပို့ဆောင်ကူညီခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  23/ Jun/ 2022

ရွှေ့ပြောင်းသွားလာခြင်းနှင့် နေရပ်စွန့်ခွာနေထိုင်ခြင်းဆိုင်ရာ(အဆင့်မြင့်)သင်တန်းဖွင့်ပွဲပြုလုပ်

ရန်ကုန်၊ ၂၀၂၂ခုနှစ်၊ ဇွန်လ(၂၃)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှ ပြုလုပ်သော ရွှေ့ပြောင်းသွားလာခြင်းနှင့် နေရပ်စွန့်ခွာနေထိုင်ခြင်းဆိုင်ရာ(အဆင့်မြင့်)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၂၃)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel ၌ ပြုလုပ်ခဲ့ပါသည်။
     သင်တန်းဖွင့်ပွဲတွင် အသင်းဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အခြေအနေအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနှင့် ဆင်းရဲဒုက္ခများ တွေ့ကြုံခံစားနေရသူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးလျက်ရှိပါကြောင်း၊လူမှုကရုဏာအကူအညီ လိုအပ်နေသည့် ရွေ့ပြောင်းသွားလာသူများကို စနစ်တကျ ကူညီဆောင်ရွက်နိုင်ရန် သင်တန်းကို ပြုလုပ်ခြင်း ဖြစ်ပြီး သင်တန်းမှ သိရှိရသည်များကို မိမိတို့ဒေသတွင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား အသိပညာများ ပြန်လည် ဖြန့်ဝေ ပေးစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
     သင်တန်းဖွင့်ပွဲသို့ အသင်းဒုတိယဥက္ကဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခ‌ဒေါက်တာဒေါ်မြသူ၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ လူသားအရင်းအမြစ်ဌာန ညွှန်ကြားရေးမှူး
ဒေါ်ချမ်းမင်းဦး၊ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်၊
စီမံခန့်ခွဲရေးဌာန ညွန်ကြားရေးမှူး ဦးမြင့်ထွန်းဟန်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Coordinator Ms.Marie Marrique ၊ ဆွီဒင်နိုင်ငံကြက်ခြေနီအသင်း ဌာနေကိုယ်စားလှယ် Mr.Rico၊ ရွှေ့ပြောင်းသွားလာခြင်းနှင့် နေရပ်စွန့်ခွာနေထိုင်ခြင်းစီမံချက်မှ ဝန်ထမ်းများ၊ သင်တန်းသား၊ သူများ တက်ရောက်ကြပါသည်။
     ရွှေ့ပြောင်းသွားလာသူများနှင့် နေရပ်စွန့်ခွာရသူများ၏ လိုအပ်ချက်ကို ပိုမိုသိရှိနားလည်နိုင်စေရန်နှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို စနစ်တကျ ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ သင်တန်းကို ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဇွန်လ(၂၃)ရက်မှ ဇွန်လ(၂၄)ရက်နေ့အထိ (၂)ရက်တာ ပြုလုပ်မည့် အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး၊ ပြည်နယ်(၁၇)ခုမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး (၃၂)ဦး တက်ရောက်ကြမည် ဖြစ်ပါသည်။

Read More