22/ Aug/ 2022

ရုတ်တရက် တောင်ကျချောင်းရေဝင်ရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့်အတွက် ကြက်ခြေနီက ထောက်ပံ့ပစ္စည်းများ ပေးအပ်

သာပေါင်း၊ ဩဂုတ်(၂၂)ရက်။
     ၂၀၂၂ခုနှစ်၊ ဩဂုတ်လ(၁၈)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက် တောင်ကျချောင်းရေဝင်ရောက်၍ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး နေအိမ် (၂၈)လုံး ရေကြီးနစ်မြှပ်မှုဒဏ် ခံစားခဲ့ရကာ ဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြရပါသည်။
     အဆိုပါ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသည့် နေအိမ်(၂၈)လုံးမှ အိမ်ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများကို ဩဂုတ်လ(၁၉)ရက်နေ့တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးဆောင်ကာ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကျေးရွာအရောက်ပို့ဆောင်ကာ ထိခိုက်ခံစားခဲ့ရသူများလက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများကိုလည်း ကူညီဆောင်ရွက်ခဲ့ပါသည်။
သတင်း- သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ
#ကြင်နာစိတ်ထားကြက်ခြေနီများလူတိုင်းအပေါ်ကူညီသွား
 

Read More

  20/ Aug/ 2022

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများ ကျင်းပမည်

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နှစ်စဥ် စက်တင်ဘာလ ဒုတိယပတ် စနေနေ့တွင် ကျရောက်သည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ရှေးဦးပြုစုခြင်းဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများကို နှစ်စဥ်ကျင်းပ ပြုလုပ်ခဲ့ပါသည်။
     သို့ဖြစ်ရာ ယခုနှစ် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်မည့် "ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့"အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် အောက်ဖော်ပြပါ ရှေးဦးပြုစုခြင်းဆိုင်ရာ ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ရာ ဝင်ရောက်ယှဥ်ပြိုင်လိုသော ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် ယခုနှစ် ဆောင်ပုဒ်ဖြစ်သော “ရှေးဦးပြုစုအတတ်ပညာ ဘဝတစ်သက်တာ သင်ယူပါ”(Lifelong First Aid Learning) အတိုင်း ရေးသား ယှဥ်ပြိုင်နိုင်ပါသည်။
ပြိုင်ပွဲအမျိုးအစားများ-
(က) ရှေးဦးပြုစုခြင်းဆိုင်ရာ ဆောင်းပါးပြိုင်ပွဲ (မြန်မာ)
(ခ) ရှေးဦးပြုစုခြင်းဆိုင်ရာ ဆောင်းပါးပြိုင်ပွဲ (အင်္ဂလိပ်)
(ဂ) ရှေးဦးပြုစုခြင်းဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲ
(ဃ) ရှေးဦးပြုစုခြင်းဆိုင်ရာ ပန်းချီပြိုင်ပွဲ
     ရှေးဦးပြုစုခြင်းဆိုင်ရာ ဆောင်းပါးပြိုင်ပွဲအတွက် စာမူများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများသို့ သတ်မှတ်ရက်များအတိုင်း ပေးပို့ရန်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီများသည် စာမူရွေးချယ်ရေးအဖွဲ့သို့ စာမူ(မူရင်း)များကို (၂.၉.၂၀၂၂) ရက်နေ့ ထက်နောက်မကျဘဲ ပေးပို့ရန်ဖြစ်ပါသည်။
     ရှေးဦးပြုစုခြင်းဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲကို တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲများ၌ (၂.၉.၂၀၂၂)နေ့ နံနက်ပိုင်းတွင် Zoom ဖြင့် ကျင်းပသွားမည် ဖြစ်ပါသည်။
ရှေးဦးပြုစုခြင်းဆိုင်ရာ ပန်းချီပြိုင်ပွဲအတွက် မိမိတို့ရေးဆွဲထားသည့် ပုံများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီများသို့ သတ်မှတ်ရက်များအတိုင်း ပေးပို့ရန်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီများသည် ဆုရွေးချယ်ရေးအဖွဲ့သို့ ပန်းချီ(မူရင်း)များကို (၂.၉.၂၀၂၂) ရက်နေ့ ထက်နောက်မကျဘဲ ပေးပို့ရန် ဖြစ်ပါသည်။
     ဆုရွေးချယ်ခံရသူများ၏ အမည်စာရင်းကို အသင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြပေးသွားမည် ဖြစ်ပြီး ဆုရရှိသူများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့တွင် ဆုများ ချီးမြှင့်သွားမည် ဖြစ်ပါသည်။
     ပြိုင်ပွဲစည်းကမ်းနှင့် အသေးစိတ် အချက်အလက်များကို
ဦးမြတ်မင်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူး   (ဖုန်း-၀၉၅၀၉၃၄၁၂)၊
ဦးထွန်းလွင်ဦး၊ စီမံကိန်းမန်နေဂျာ   (ဖုန်း-၀၉၄၀၀၇၈၈၉၀၂)၊
ဒေါ်ပန်းအိအိမွန်၊ အကြီးတန်း သင်တန်းအရာရှိ   (ဖုန်း-၀၉၄၂၂၅၃၄၅၁၄၇)
ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
#လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန #“ရှေးဦးပြုစုအတတ်ပညာ ဘဝတစ်သက်တာ သင်ယူပါ”(Lifelong First Aid Learning)

Read More

  19/ Aug/ 2022

ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ အထိမ်းအမှတ်ဂုဏ်ပြုခြင်း

ယနေ့ ဩဂုတ်လ(၁၉)ရက်နေ့ သည် ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ ဖြစ်ပါသည်။ ယနေ့တွင် ကမ္ဘာတစ်ဝန်းလုံးမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် အကူအညီပေးအပ်နေသူအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုလိုက်ရပါသည်။ https://www.youtube.com/watch?v=gucxDx1uCPU

Read More

  19/ Aug/ 2022

လူသားချင်းစာနာထောက်ထားမှုဆိုတာဘာလဲ။

ယနေ့ ဩဂုတ်လ(၁၉)ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ကို ဂုဏ်ပြုကြိုဆိုရင်း နိုင်ငံတဝန်းလူမှုကရုဏာလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်နေကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ဂုဏ်ပြုတင်ဆက်လိုက်ရပါတယ်။ https://www.youtube.com/watch?v=wN6saud5Ea0

Read More

  18/ Aug/ 2022

“ကြက်ခြေနီဖြစ်လာတော့အရမ်းဂုဏ်ယူမိတယ်၊ လူတိုင်းအပေါ်စေတနာထား၊ အနစ်နာခံပြီး ကိုယ့်ထမင်းကိုယ်စားပြီး အများအကျိုးဆောင်ရွက်နေသူဖြစ်ရလို့ ကျေနပ်မိတယ်”

“ကြက်ခြေနီဖြစ်လာတော့အရမ်းဂုဏ်ယူမိတယ်၊ လူတိုင်းအပေါ်စေတနာထား၊ အနစ်နာခံပြီး ကိုယ့်ထမင်းကိုယ်စားပြီး အများအကျိုးဆောင်ရွက်နေသူဖြစ်ရလို့ ကျေနပ်မိတယ်”
     ကျွန်တော်ကတော့ ဦးဇော်နိုင်ထူးပါ။ မိုးညှင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူးပါ။ ဘုရားပွဲတွေမှာ ရှေးဦးပြုစုခြင်းစခန်းတွေဖွင့်ပြီး ယူနီဖောင်းတွေဝတ်ထားတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ထိခိုက်ဒဏ်ရာရသူတွေကို ရှေးဦးပြုစုပေးပြီး ဆေးရုံဆေးခန်းတွေကို ပို့ဆောင်ပေးတာမြင်တွေ့ပြီး အားကျ၍ ကူညီပေးချင်စိတ်ကြောင့် ၁၉၉၆ ခုနှစ်မှ ကြက်ခြေနီထဲ ဝင်ဖြစ်ခဲ့ပါတယ်။
     ကျွန်တော်က အခုဆိုရင် ရှေးဦးပြုစုခြင်းသင်တန်းများဖွင့်ပြီး ကြက်ခြေနီစေတနာလုပ်အားရှင်များ တိုးပွားအောင်ဆောင်ရွက်ခြင်း၊ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် လူနာများ သွားလိုရာ ဆေးရုံဆေးခန်းများသို့ ကူညီပို့ဆောင်ခြင်း၊ သွေးလှူဒါန်းခြင်း၊ COVID-19 ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသူများအား တုန့်ပြန်ကူညီခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကူညီခြင်း၊ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကူညီခြင်း အစရှိတဲ့ လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်ပေးနေပါတယ်။
     “ကြက်ခြေနီဖြစ်လာတော့အရမ်းဂုဏ်ယူမိတယ်၊ လူတိုင်းအပေါ်စေတနာထား၊ အနစ်နာခံပြီး ကိုယ့်ထမင်းကိုယ်စားပြီး အများအကျိုးဆောင်ရွက်နေသူဖြစ်ရလို့ ကျေနပ်မိတယ်”
     လူတိုင်းမလုပ်နိုင်တဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို အမြဲလုပ်ကိုင်နိုင်ဖို့ မိမိကိုယ်တိုင် အန္တရာယ်ကင်းစွာ ဆောင်ရွက်ကြပါလို့ ကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဖက် ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ပြောချင်ပါတယ်။

Read More

  18/ Aug/ 2022

ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ ဂုဏ်ပြုဆောင်းပါး

မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့ပူးပေါင်းပြီး ရှမ်းပြည်နယ် (တောင် ပိုင်း)သို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အရေးပေါ်လိုအပ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် အခြေခံစားနပ်ရိက္ခာနှင့် ကိုယ်ဝန်ဆောင်/နို့တိုက်မိခင်နှင့် (၅) နှစ်အောက်ကလေးအတွက် အဟာရထုတ်များကို ယခုနှစ်အတွင်း ဖြန့်ဝေခဲ့တာ သုံးကြိမ်ရှိခဲ့ပါပြီ။ ယခုလို ဖြန့်ဝေနိုင်ဖို့အတွက် အသင်းဌာနချုပ်၊​ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဌာနတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါ်မိုးသီတာဝင်း ဦး ဆောင်သော ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက် ခဲ့ကြပါတယ်။
“ကျွန်မ ဝန်ထမ်းတာဝန်မထမ်းဆောင်ခင်က မကွေးတိုင်းဒေသကြီးမှာ ကြက်ခြေနီစေတနာလုပ် အားရှင်အဖြစ် (၂၁)နှစ် ကြာလုပ်ကိုင်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်၊ စတုတ္တတန်းဖြေဆိုပြီး နွေရာသီ ရှေးဦးပြုစုခြင်း သင်တန်းပြီးတော့ ကျောင်းကြက်ခြေနီအဖွဲ့ဝင်အဖြစ် စတင်ခဲ့တာပါ။ ၁၉၉၅ ခုနှစ်မှာ မကွေးတက္ကသိုလ် ကိုယ်စားပြု ထူးချွန်ကြက်ခြေနီနှင့် ၂၀၀၅ ခုနှစ်မှာ မကွေးတိုင်း ကိုယ်စားပြုထူးချွန်ကြက်ခြေနီအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။” လို့
ဒေါ်မိုးသီတာဝင်းက သူမရဲ့ ကြက်ခြေနီဘဝ အစကို ယခုလို အားတက်သရောပြောခဲ့ပါတယ်။
အခုတော့ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယမြို့နယ်များသို့ ရောက်ရှိနေတဲ့ နေရပ် စွန့်ခွာအိမ်ထောင်စု (၄,၃၇၀) ကို အခြေခံစားနပ်ရိက္ခာနှင့် အာဟာရထုတ်များကို ဖြန့်ဝေပေးလျက်ရှိပါတယ်။ မနှစ်က စပြီး ရန်ကုန်မှာ နှစ်ကြိမ်၊ မန္တလေးမှာ နှစ်ကြိမ်နဲ့ ယခုတစ်ကြိမ် အပါအဝင်ဆိုရင် ရှမ်းတောင်မှာ သုံးကြိမ်ရှိပါပြီ။ ဒီလို ဆောင်ရွက်ရာမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေ နဲ့ လမ်းခရီးလုံခြုံရေး အခက်အခဲတွေ၊ ရာသီဥတု အခြေအနေတွေစတဲ့ အခက်အခဲတွေနဲ့တော့ ရှိပါတယ်။ လူတိုင်းက ကြက်ခြေနီကို ကျေးဇူးတင်ကြတယ်လေ။ ခုလို ခက်ခဲနေတဲ့အချိန်တွေမှာ ဒီလို ထောက်ပံ့မှုတွေက အရမ်းအသုံးဝင်တာပေါ့။
“အခုလို အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို ကူညီရတာ အရမ်းကိုကြည်နူးရပါတယ်။ ရပ်ရွာလူထုအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့တွေကို အစွမ်းရှိသလောက် ဆောင်ရွက်သွားမှာပါ။ အဓိကကတော့ ရာသီ ဥတုပြောင်းလဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ထိထိရောက်ရောက် အသိပညာပေးခြင်းတာတွေ အပြင် ကလေးသူငယ်နှင့် အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ၊ အကြောင်းအမျိုးအမျိုးကြောင့် မိသားစုနဲ့ ခွဲခွာပြီး အလုပ်လုပ်ရင်း အခက်အခဲ ဖြစ်နေတဲ့သူတွေကို ကူညီတာတွေနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာအထောက်အပံ့ပေးတာတွေ လုပ်ချင်ပါတယ်။”
လို့ သူမက ဆက်လက်ပြောကြား ပါတယ်။
#WorldHumanitarianDay

Read More

  18/ Aug/ 2022

“ ကြက်ခြေနီဆိုတာ အမည်၊ ရာထူးနေရာတွေ ထင်ပေါ်ဖို့အတွက် ကူညီနေတာမဟုတ်ဘူးလို့ စိတ်ထဲက ရေရွတ်မိပါတယ်”

ကျွန်တော်ကတော့ ဦးသူထက်အောင်ပါ။ ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီတပ်ခွဲမှူးပါ။ ကျွန်တော် ကြက်ခြေနီထဲကို ၁၉၉၄ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ယောက်ဖြစ်လာတော့ လူတွေရဲ့အသက်ကို ပိုပြီးတန်ဖိုးထားတတ်လာတယ်။ လူတွေကိုပိုပြီးစာနာနားလည်လာတဲ့အတွက် လူမှုကရုဏာအကူအညီပေးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပေါ်လာပြီးတဲ့ ၂၀၂၀ ခုနှစ်မှာတော့ ကြက်ခြေနီစေတနာလုပ်အားရှင်မျိုးဆက်သစ်တွေနဲ့ မြို့ကြက်ခြေနီအသင်းခွဲငယ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ယခုလက်ရှိမှာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ သွေးလှူရှင်ရှာဖွေခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုပေးခြင်းနှင့် ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးကုသမည့်လူနာများ သွားလိုရာ ဆေးရုံ၊ ဆေးခန်းများသို့ ကူညီပို့ဆောင်ပေးခြင်း စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။
ကျွန်တော်ကူညီပေးခဲ့တဲ့အမှတ်တရတစ်ခု
လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ကျွန်တော်တို့မြို့အနောက်ဘက်မှာ ခိုက်ရန်ဖြစ်ပွားပြီး လည်ပင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သူကို ကြက်ခြေနီလူနာတင်ယာဉ်နဲ့ ဆင်ဖြူကျွန်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် မကွေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ လူနာကို စိတ်ပိုင်းဆိုင်ရာအားပေးစကားတွေပြောပြီး လူနာသတိမလစ်အောင် ဆောင်ရွက်ခဲ့ပေမယ့် ဒီလူနာကြာကြာမနေနိုင်ဘူးလို့ စိတ်ထဲမှာ တွေးမိပါတယ်။ ဒီလိုနဲ့နောက် (၃) လလောက်ကြာတော့ ကျွန်တော်တို့ကူညီပေးလိုက်တဲ့ လည်ပင်းထိခိုက်ဒဏ်ရာနဲ့လူက ဈေးထဲမှာ ဈေးအော်ရောင်းနေတာမြင်လိုက်ရပါတယ်။ ကျွန်တော်ကူညီလိုက်တဲ့ ဒီလူအသက်ရှင်နေသေးတယ်၊ စကားလည်းပြောနိုင်တယ်ဆိုပြီး ကျွန်တော့်စိတ်ထဲ ပီတိစိတ်တွေနဲ့မျက်ရည်လည်ခဲ့ရပါတယ်။ ဒါပေမယ့် သူကတော့ အဲ့ဒီညက သူ့ကို ကူညီခဲ့တာ ကျွန်တော်တို့မှန်း မသိဘူးထင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့
“ ကြက်ခြေနီဆိုတာ အမည်၊ ရာထူးနေရာတွေ ထင်ပေါ်ဖို့အတွက် ကူညီနေတာမဟုတ်ဘူးလို့ စိတ်ထဲက ရေရွတ်မိပါတယ်”
#WorldHumanitarianDay

Read More

  18/ Aug/ 2022

“ကိုယ်ကျိုးမကြည့်ဘဲ စိတ်စေတနာကောင်းထား၍ ကူညီခဲ့သောကြောင့် သေကံမရောက် ရောဂါပျောက်ကင်းခဲ့သည်ဟု ကျွန်မယုံကြည်ပါတယ်”

ကျွန်မကတော့ ဒေါ်မြင့်မြင့်ကြည်ပါ။ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်လာတာ နှစ် (၃၀) ရှိပါပြီ။ ကျွန်မက ကြက်ခြေနီစေတနာလုပ်အားရှင်တွေ အများပြည်သူကို ကူညီပေးနေတာတွေ့ပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်ပေးချင်တဲ့စိတ်ကြောင့် ကြက်ခြေနီထဲဝင်ခဲ့တာပါ။ ကြက်ခြေနီတစ်ယောက်ဖြစ်လာတော့ အကူညီလိုအပ်နေသူတွေကို ကိုယ်ကကူညီပေးလိုက်လို့ အဆင်ပြေသွားတဲ့အခါ ကြည်နူးဝမ်းသာပြီး ကိုယ်တိုင်လည်း ဂုဏ်ယူကျေနပ်မိပါတယ်ရှင်။
သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ထိခိုက်ဒဏ်ရာရသူများအား ရှေးဦးပြုစုပေးခြင်း၊ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် လူနာများအား သယ်ယူပို့ဆောင်ရာတွင် ကူညီပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရှေးဦးပြုစုခြင်းသင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခြင်းအပြင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ရပ်ရွာသန့်ရှင်းရေးလုပ်ငန်းများ အစရှိသော လုပ်ငန်းများအား ပါဝင်ကူညီဆောင်ရွက်လျှက်ရှိပါတယ်။
COVID-19 ရောဂါစောင့်ကြည့်ရေးစင်တာတွင်ကူညီခဲ့စဉ်က မိမိကိုယ်ကိုကာကွယ်ပါသော်လည်း ရောဂါကူးစက်ခံခဲ့ရပြီး ရောဂါပျောက်ကင်းချိန်တွင် အကူအညီပေးလိုစိတ်ရှိသဖြင့် COVID-19 ကုသရေးစင်တာတွင် ထပ်မံတာဝန်ယူကူညီဆောင်ရွက်ခဲ့ပါတယ်။
"ကိုယ်ကျိုးမကြည့်ဘဲ စိတ်စေတနာကောင်းထား၍ ကူညီခဲ့သောကြောင့် သေကံမရောက် ရောဂါပျောက်ကင်းခဲ့သည်ဟု ကျွန်မယုံကြည်ပါတယ်"
#WorldHumanitarianDay

Read More

  17/ Aug/ 2022

“ရပ်ရွာလူထုကို တစ်ဖက်တစ်လမ်းက ကူညီပေးမယ်လို့ အတွေးပေါက်ပြီး ကြက်ခြေနီထဲ ဝင်ဖြစ်တာပါ"

“ရပ်ရွာလူထုကို တစ်ဖက်တစ်လမ်းက ကူညီပေးမယ်လို့ အတွေးပေါက်ပြီး ကြက်ခြေနီထဲ ဝင်ဖြစ်တာပါ"
     ကျွန်တော်က ဦးမြင့်သိန်းထွန်းပါ။ စစ်ကိုင်းခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးပါ။ ကြက်ခြေနီထဲကို ဝင်ဖြစ်ခဲ့ပုံက ၁၉၈၁ ခုနှစ်မှာ ကျောင်းကြက်ခြေနီစဖွဲ့တော့ “ရပ်ရွာလူထုကို တစ်ဖက်တစ်လမ်းက ကူညီပေးမယ်လို့ အတွေးပေါက်ပြီး ကြက်ခြေနီထဲ ဝင်ဖြစ်တာပါ"
     ကျွန်တော့်ရဲ့ အများအကျိုးကူညီဆောင်ရွက်လိုစိတ်ကြောင့်ပဲ (၃၀) နှစ်ပြည့်ဂုဏ်ထူးဆောင် ဆုကိုရရှိခဲ့တဲ့အတွက် အတိုင်းမသိဂုဏ်ယူဝမ်းသာမိပါတယ်။ ယခုဆိုရင်တော့ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းတွေကို ကူညီဆောင်ရွက်လာတာ (၄၁) နှစ်ရှိပါပြီ။
     ကျွန်တော်ကူညီပေးခဲ့တာတွေက ရပ်ရွာလူထုကျန်းမာရေးကောင်းမွန်စေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ ဆင်ခြေထောက်ရောဂါကာကွယ်ရေး၊ ရပ်ရွာသန့်ရှင်းသာယာရေးနှင့် သဘာဝဘေးအန္တရာယ်များ၊ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးများတွင် ရှေ့တန်းမှ ကူညီဆောင်ရွက်ခဲ့ပြီး COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်လည်း ကူညီဆောင်ရွက်လျှက်ရှိပါတယ်။
     ကျွန်တော်ကူညီဆောင်ရွက်ပြီးတိုင်း ရပ်ရွာလူထုက ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောတိုင်း အတိုင်းမသိဝမ်းသာပါတယ်။ ရပ်ရွာလူထုကလည်း ကျွန်တော်တို့ကြက်ခြေနီတွေရဲ့ အကူအညီကို လိုအပ်ရင် ဆက်သွယ်အကူညီတောင်းကြပါလို့ ပြောချင်ပါတယ်။

Read More