17/ May/ 2022

နေပြည်တော်တွင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများသင်တန်းဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂ဝခုနှစ်၊ မေလ(၁၆)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘဏ္ဍာရေးဌာနမှဖွင့်လှစ်သော ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများသင်တန်းဖွင့်ပွဲကို မေလ(၁၆)ရက်နေ့နေ့လည်ပိုင်းက နေပြည်တော်
ရှိ အသင်းဌာနချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် အသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်က အမှာစကားပြောကြားခဲ့ပြီး ဘဏ္ဍာရေးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
မေလ(၁၆)ရက်မှ မေလ(၁၈)ရက်နေ့အထိ (၃)ရက်ကြာပြုလုပ်မည့် အဆိုပါသင်တန်းသို့ အသင်းဌာနချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ထမ်း(၄၄)ဦး တက်ရောက်ကြမည်ဖြစ်ပါသည်။
သင်တန်းတွင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပြင် ဝယ်ယူရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် လူသားအရင်းအမြစ်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကိုလည်း သက်ဆိုင်ရာဌာနများမှ ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။

Read More

  17/ May/ 2022

ရခိုင်ပြည်နယ်တွင် ကြက်ခြေနီစေတနာလုပ်အားရှင် စွမ်းဆောင်ရည်မြှင့်သင်တန်း ဖွင့်လှစ်

ရန်ကုန်၊ မေလ (၁၇) ရက်။ ၂၀၂၂ ခုနှစ်၊ မေလ (၁၆) ရက်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ရခိုင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေဟိုတယ်သင်တန်းခန်းမတွင် ပြုလုပ်သည့် စွမ်းဆောင်ရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါသည်။ အခမ်းအနားဖွင့်ပွဲတွင် အသင်းဌာနချုပ် အချိန်ပြည့်အလုပ်အမှုဆောင်ပါမောက္ခဒေါက်တာဒေါ်မြသူက အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ကြက်ခြေနီကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးထွန်းရွှေမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိတစ်ဦးမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲကို အချိန်ပြည့်အလုပ်အမှုဆောင်၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်၊ လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် သင်တန်းနည်းပြဝန်ထမ်းများ၊ ကြက်ခြေနီစေတနာလုပ်အားရှင် သင်တန်းသား/သူများတက်ရောက်ခဲ့ပါသည်။ ဘေးအန္တရာယ်ကျရောက်သူများအား အကူအညီပေးခြင်းနှင့် အမျိုးသားကြက်ခြေနီအသင်း၏ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ အရည်အသွေးကိုတိုးမြှင့်ရန် ရည်ရွယ်၍ အဆိုပါသင်တန်းကို မေလ (၁၆) ရက်နေ့မှ (၂၁) ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး မြို့နယ် (၁၀) မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် သင်တန်းသား/သူ စုစုပေါင်း (၃၀) ဦး တက်ရောက်လျှက်ရှိပါသည်။

Read More

  16/ May/ 2022

ယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကြက်ခြေနီက ရှေးဦးပြုစု

နေပြည်တော်၊ မေလ(၁၆)ရက်။
၂၀၂၂ခုနှစ်၊ မေလ(၁၄)ရက်နေ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ စံပယ်အိမ်ရာအနီးတွင် ယာဉ်မတော်တဆဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ပျဉ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များသွားရောက်ကာ ရှေးဦးပြုစုပေးခဲ့ကြပါသည်။
ထို့ပြင် ပျဉ်းမနားမြို့နယ် ရွာကောက်ရပ်ကွက်၊ အုန်းတောကွေ့တွင် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးတစ်ဦးအား ရှေးဦးပြုစုပေးခဲ့ပြီး သုခစံလူမှုကူညီရေးအသင်းလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။

Read More

  16/ May/ 2022

ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအား ကြက်ခြေနီက ကူညီ

ညောင်တုန်း၊ မေလ (၁၆)ရက်။
၂၀၂၂ခုနှစ်၊ မေလ(၁၃)ရက်နေ့က ရန်ကုန်-ပုသိမ်လမ်း မိုင်တိုင် ၃၆အနီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား ညောင်တုန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးခဲ့ပြီး ညောင်တုန်းဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။

Read More

  16/ May/ 2022

မောင်တော ရေဘေးကယ်ဆယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ရာတွင် ကြက်ခြေနီ ပါဝင်

မောင်တော၊ ၂၀၂၂ ခုနှစ်၊ မေလ (၁၆) ရက်။
ရေဘေးကယ်ဆယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ၂၀၂၂ ခုနှစ်၊ မေလ (၁၅) ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ပန်းတောပြင်ချောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသဏ္ဍာန်တူဇတ်တိုက်လေ့ကျင့်ရခြင်းမှာ မြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာများတွင် ရေကြီးလွမ်းမိုးပါက ပြည်သူများအား ရေဘေးကင်းလွတ်သည့် နေရာသို့ အသက်ကယ်လှေ၊ စက်လှေဖြင့် ကူညီရွှေ့ပြောင်းခြင်း၊ ကြိုး တန်းဖြင့် ချောင်းတစ်ဖက်သို့ ဖြတ်ကူးကူညီခြင်း၊ ရေဘေးသင့်ပြည်သူများအား ယာယီခိုလှုံမည့် နေရာအား ပို့ဆောင်ခြင်း၊ လှေဖြင့် ဘေးလွှတ်ရာသို့ပြောင်းရွှေ့ရာတွင် လှိုင်းရိုက်ခတ်မှုဖြင့် လှေနစ်မှောက်သူများအား ရှာဖွေကူညီကယ်ဆယ်ခြင်း၊ ဒဏ်ရာရရှိသူများအား ရှေးဦးပြုစုပေးခြင်း၊ ဒဏ်ရာရရှိသူများထဲမှ စိုးရိမ်ရသူများအား ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ ကျွဲ၊ နွားတိရိစ္ဆာန်များအား ရေဘေးကင်းလွှတ်ရာသို့ ပြောင်းရွှေ့ခြင်း၊ ယာယီခိုလှုံရန် ရောက်ရှိလာသူ ရေဘေးသင့်ပြည်သူများအား စာရင်းကောက်ယူခြင်း၊ လတ်တလောလိုအပ်ချက်များအား ဖြည့်စည်းပေးနိုင်ရေးဆောင်ရွက်ပေးခြင်း စသည်တို့ကို လက်တွေ့ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ ရေဘေးကယ်ဆယ်ရေး သဏ္ဍာန်တူ ဇတ်တိုက်လေ့ကျင့်ခြင်းကို ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူ စုစုပေါင်း (၄၀၀) ဦးခန့်က စုပေါင်းဇတ်တိုက်လေ့ကျင့်ကြခြင်းဖြစ်ပါသည်။

Read More

  16/ May/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန မှ ရန်ပုံငွေမြှင့်တင်ခြင်းနှင့် ဝင်ငွေတိုးလုပ်ငန်းဆိုင်ရာသင်တန်း ဖွင့်လှစ်

ရန်ကုန်၊ မေလ(၁၆)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန မှ ဖွင့်လှစ်သော ရန်ပုံငွေမြှင့်တင်ခြင်းနှင့် ဝင်ငွေတိုးလုပ်ငန်းဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ခုနှစ်၊ မေလ(၁၆)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ လူမှုကရုဏာဆိုင်ရာပညာရေးစင်တာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
အခမ်းအနားသို့ အသင်းဌာနချုပ် အချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြသော ဒေါက်တာဦးတင်ညွန့်နှငိ့ ပါမောက္ခဒေါက်တာဒေါ်မြသူ၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ၊ ရခိုင်ပြည်နယ်စီမံချက်များ စီမံခန့်ခွဲမှုယူနစ် ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်း၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာနနှင့် လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းတွင် အရင်းအမြစ်စုစည်းအသုံးချရေးဌာနမှူးက ရန်ပုံငွေမြှင့်တင်ခြင်းဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါသင်တန်းအား မေလ(၁၆)ရက်မှ (၁၇)ရက်အထိ (၂)ရက်တာ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။

Read More

  14/ May/ 2022

ထိခိုက်ဒဏ်ရာရရှိသူလူနာအား ကြက်ခြေနီက ဆေးရုံသို့ပို့ဆောင်ကူညီ

အင်းစိန်၊ မေလ (၁၄)ရက်။
၂၀၂၂ခုနှစ်၊ မေလ(၁၄)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်မှ စက်ဘီးမှောက်၍ ထိခိုက်မှုဖြစ်ပွားပြီး သတိလစ်လူနာတစ်ဦးအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးခဲ့ပြီး တွဲလက်လူမှုကူညီရေးအသင်းကားဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။

Read More

  14/ May/ 2022

မကွေးတွင် မိသားစုပြန်လည်ဆက်သွယ်ပေးရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

မကွေး၊ ၂၀၂၂ခုနှစ်၊ မေလ(၁၄)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော မိသားစုပြန်လည်ဆက်သွယ်ပေးရေး(မွမ်းမံ)သင်တန်း (၅/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို မေလ(၁၄)ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်ချောခင် က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အသင်းဌာနချုပ် ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်က အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ အမှုဆောင်များ၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှ ဝန်ထမ်းများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
လုပ်ငန်းလိုအပ်ချက်နှင့်အညီမွမ်းမံထားရှိသည့် သင်ခန်းစာများကို ပြန်လည်ပို့ချရန်၊ ရွေ့ပြောင်းသွားလာခြင်းနှင့် နေရပ်စွန့်ခွာနေထိုင်ခြင်းတို့ကြောင့် နောက်ဆက်တွဲကြုံတွေ့လာနိုင်သည့်မိသားစုပြန်လည်ဆက်သွယ်ပေးရေး လိုအပ်ချက်များဖော်ထုတ်နိုင်ရန် အတွက် သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး မေလ(၁၄)ရက်နှင့် (၁၅)ရက် (၂)ရက်တာ အတွင်း မကွေးတိုင်းဒေသကြီးရှိ မြို့နယ်(၂၅)မြို့နယ်မှ သင်တန်းသား/သူ (၃၀)ဦး တက်ရောက်သွားမည်ဖြစ်ပါသည်။

Read More

  14/ May/ 2022

ကြက်ခြေနီက မန်တုံတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျော့ချရေး အသိပညာပေးစီမံချက်များ ပြုလုပ်

၂၀၂၂ ခုနှစ်၊ မေလ (၁၄) ရက်
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနသည် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျှော့ပါးရေး အသိပညာပေးခြင်း စီမံချက်လုပ်ငန်းများကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပါသည်။
၂၀၂၂ ခုနှစ်၊ မေလ (၁၄) ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန်တုံမြို့အတွင်းရှိ ပြည်သူများ ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျှော့ပါးသက်သာစေရန်ရည်ရွယ်၍ မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းအကြွင်းအကျန်များ၏ ဆိုးကျိုးများ၊ ထိခိုက်မှုအန္တရာယ်များနှင့် ဒေသဆိုင်ရာအမှတ်အသားများ အကြောင်းကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် မန်တုံမြို့နယ်မှ မြို့နယ်တပ်ဖွဲ့မှူး ဦးခင်ဇော် နှင့် မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဦးဆောင်ဆွေးနွေးကာ တတ်ရောက်လာသူများကလည်း စိတ်ပါဝင်စားစွာပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

Read More