12/ Oct/ 2020

လှိုင်မြို့နယ်ရှိ COVID-19 ကုသရေးစင်တာတွင် တာဝန်ထမ်းဆောင်ရန် မွန်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ရောက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ COVID-19 ကုသရေးစင်တာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းတာဝန်ထမ်းဆောင်ရန် မွန်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၄၁ ဦးတို့သည် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့လည်ပိုင်းတွင် ရောက်ရှိလာခဲ့ကြပါသည်။ ယင်းအဖွဲ့အား လှိုင်တက္ကသိုလ်ဝန်း၊ လှိုင်ကုတင်(၅၀၀)ဆံ့၊ COVID-19ကု သရေးစင်တာဆေးရုံအုပ်ကြီး ဒေါက်တာရဲမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကျော်မိုးကြည်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးဒေါက်တာလင်းလင်းသက်တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုအပ်သည်များဖြည့်ဆည်းမှာကြားခဲ့ပါသည်။ မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဒုတိယပြည်နယ်တပ်ဖွဲ့မှူး ဒေါ်လေးလေးခက် ဦးဆောင်သည့် မွန်ပြည်နယ်ရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၄၁ ဦးတို့သည် လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်ဝန်း၊ လှိုင်ကုတင်(၅၀၀)ဆံ့၊COVID-19 ကုသရေးစင်တာတွင် နိုဝင်ဘာလ ၁ရက်နေ့အထိ ကူညီဆောင်ရွက်ပေးကြမည်ဖြစ်ပါသည်။

Read More

  12/ Oct/ 2020

ချင်းပြည်နယ်ကြက်ခြေနီကြီးကြပ်ရေးကော်မတီမှ ဟားခါးမြို့ရှိ စစ်ဆေးရေးဂိတ်များအား ရေသန့်ဘူးနှင့် လက်သန့်ဆေးရည်များ လှူဒါန်း

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က ချင်းပြည်နယ်ကြက်ခြေနီကြီးကြပ်ရေးကော်မတီမှ ဟားခါးမြို့၌ ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များအား ရေသန့်ဘူးနှင့် ရေမလိုလက်သန့်ဆေးရည်များ ပေးအပ်လှူဒါန်းခဲ့သည်။ ဟားခါးမြို့တွင် ဂန့်ဂေါလမ်းစစ်ဆေးရေးဂိတ်၊ ကျောဘုတ်စစ်ဆေးရေးဂိတ်နှင့် (၆) လမ်းဆုံ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရာ၊ စစ်ဆေးရေးဂိတ် (၁) ခုအတွက် ရေသန့်ဘူး(၅)ကတ်နှင့် လက်သန့်ဆေးရည်(၃)ဘူး နှုန်းဖြင့် ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် COVID-19 ရောဂါကာလအတွင်း နှာခေါင်းစည်းများ ဆက်လက်လှူဒါန်းနိုင်ရန် စီစဉ်လျက်ရှိသည်။

Read More

  12/ Oct/ 2020

မိုင်းယောင်းတွင် ကြက်ခြေနီက ကိုဗစ်၁၉ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ရက်နေ့က မိုင်းယောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်၊ ဟွေဖကျေးရွာအုပ်စု၊ ဟွေဖကျေးရွာသို့သွားရောက်ကာ ကိုဗစ် ၁၉ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ ပိုစတာများကပ်ခြင်း၊ အလှူရှင်များလာရောက်လှူဒါန်းထားသော နှာခေါင်းစည်းများနှင့် လက်ဆေးဆပ်ပြာများအား ကျေးရွာအတွင်းရှိ ရွာသူ/သားများအား ဝေမျှထောက်ပံ့ပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။

Read More

  12/ Oct/ 2020

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Nestle Myanmar က ထပ်မံ လှူဒါန်း

ရန်ကုန်၊ အောက်တိုဘာ ၁၂ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Nestle Myanmar က မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်(၁၀)နာရီက အွန်လိုင်းမှတစ်ဆင့် Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပါသည်။ Nestle Myanmar က အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နှင့် အမေရိကန်ဒေါ်လာ ၅၁၆၅ တန်ဖိုးရှိ Nestle Products များဖြစ်သော Milo နှင့် Nescafe များကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လှူဒါန်းခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် က လက်ခံရယူပြီး COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် အကျိုးရှိစွာဖြင့်ထိရောက်စွာအသုံးပြုသွားမည်ဖြစ်ပါကြောင်းပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါ်ညိုညိုဝင့်၊ အရင်းအမြစ်များစုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး Nestle Myanmarမှ Managing Director Mr. Stephen Knight, Head of Finance Mr. Muhammad Jakram Zafar, Head of Consumer Communication Mr. Micheal Wong, Head of Corporate Affair Ms Monzar Myo Aung နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ Nestle Myanmar သည် ၂၀၂၀ပြည့်နှစ် ဧပြီလအတွင်းက တစ်ကြိမ် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော ကိုဗစ်၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နှင့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၁၀၀၀၀ ခုအား လာရောက်လှူဒါန်းခဲ့ပြီး ယခု ဒုတိယအကြိမ် ထပ်မံလှူဒါန်းခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ လှူဒါန်းမှုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် Nestle Myanmar အားလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါတယ်။ Credit to - လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန

Read More

  11/ Oct/ 2020

မြိတ်တွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ကြက်ခြေနီ ဆက်လက်ဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ကတနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးဇေယျာမိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့သည် ရှမ်းချောင်းရပ်ကွက်တွင် COVID -19 ရောဂါကာကွယ်ရေး အသိပညာပေး ဆော်ဩခြင်း၊ အသိပညာပေး ပိုစတာများကပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

Read More

  10/ Oct/ 2020

မူဆယ်တွင် ကြက်ခြေနီက ကိုဗစ်၁၉ ရောဂါကာကွယ်ရေးအသိပညာပေးခြင်းများဆောင်ရွက်

၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့က မူဆယ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်နန်းမွေဖောင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရုံးအနီးရှိ ကုန်တင်ကားများထံသို့ လာရောက်ဈေးရောင်းချသူများအား ကိုဗစ်ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ မျက်နှာအကာ၊လက်သန့်စင်ဆေးရည်နှင့် နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း၊ အသုံးပြုစေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  09/ Oct/ 2020

ဧရာဝတီတိုင်းဒေသကြီး မြို့နယ်များတွင် COVID-19 ကာကွယ်ရေး ကြက်ခြေနီက ဆက်လက်ဆောင်ရွက်၊ အလှူရှင်များက စားသောက်ဖွယ်ရာများ လှူဒါန်း

ဟင်္သာတ၊ ကျိုက်လတ်၊ ဘိုကလေး ၊ အောက်တိုဘာ ၉ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့အဝင် ဂိတ်အမှတ် (၂) လယ်တော်အဝေးပြေးဝန်းရှေ့ ရန်ကုန်လမ်းကြောင်းဂိတ်၊ ဂိတ်အမှတ်(၃)အေးမြသာယာအဝေးပြေး ယာဉ်ရပ်နား စခန်း တို့၌ COVID-19ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် ရေးမှတ်ခြင်း တို့ကို ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မ.စ.က အဖွဲ့ဝင်များနှင့်အတူ ဟင်္သာတမြို့ နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၃ ဦး တို့က ပူးပေါင်းကူညီဆောင်ရွက်ခဲ့ပါသည်။ ကျိုက်လတ်မြို့နယ် မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခင်စိုး ဦးဆောင်သော ကြက်ခြေနီ စေတနာလုပ်အားရှင် ၇ ဦးတို့သည် အမှတ်( ၂ / ၃ / ၄)ရပ်ကွက်များတွင်လှုံ့ဆော်ခြင်း၊ လက်သန့်ဆေးရည်ဖြင့်လက်ဆေးစေခြင်းနှင့် နှာခေါင်းစည်းများ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ဘိုကလေးမြို့နယ် အထက (၃) အသွားအလာကန့်သတ် စောင့်ကြည့်စခန်း တွင် တာဝန်ထမ်းဆောင်နေကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ထမင်းကြော်၊ ဆီ၂ပုံး၊ ကြက်သွန်နီ၊ အာလူး စသည်တို့ကို အလှူရှင် ဒေါ်နီနီလှိုင်၊ ဒေါ်မိုးစန္ဒာဝင်း တို့က လှူဒါန်းခဲ့ကြသည်။

Read More

  09/ Oct/ 2020

ထားဝယ်တွင် COVID-19ရောဂါကာကွယ်ရေး ကြက်‌ခြေနီက နေ့စဉ်ဆောင်ရွက်နေ

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ပကာရီ၊ ပခပ်၊ ရမ္မဇူနှင့်သကန်းတုံး ကျေးရွာတို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်း၊ ဗီနိုင်းများကပ်ခြင်း နှင့်ဗမာ/ထားဝယ်စကားများဖြင့် အသိပညာပေးခြင်းတို့ကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးဦးကိုကိုနိုင် ဦးဆောင်သော ကြက်ခြေနီ စေတနာလုပ်အားရှင် ၁၀ ဦးတို့က ဆောင်ရွက်ခဲ့ကြပြီး ညပိုင်းတွင်လည်း မြို့အတွင်း လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်လျက်ရှိကြသည်။

Read More

  09/ Oct/ 2020

COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီများ ပူးပေါင်းဆောင်ရွက်ထား

🏵🏵🏵၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နေရာအနှံ့တွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများကို ကြက်ခြေနီစေတနာလုပ်အားရှင်များက အောက်ပါအတိုင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည်။ 1️⃣တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးကျော်စိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့က တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့၊ နောင်ကားကျေးရွာဈေးတွင် လည်းကောင်း၊ 2️⃣မိုင်းရှူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်စုမှူး ဦးစိုင်းစိုးထွန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ တို့က မိုင်းရှူးမြို့အဝင်တံတားထိပ်နှင့် 3️⃣ဟိုပုံးမြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဌ ဦးကျော်စွာနိုင်အောင်ဟိန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၅ ဦးက ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စသော နေရာအသီးသီးတွင် 💁‍♀️🧏🤷‍♂️COVID-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းနှင့် စနစ်တကျတပ်ဆင်ရန် တိုက်တွန်းခြင်းတို့ကို 👮‍♀️👨‍⚕️👩‍🏭👨‍💼မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Read More