24/ Nov/ 2020

13/ Nov/ 2020
လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အချို့ ကြက်ခြေနီ အမှတ်အသားပါ အေပရွန်ဝတ်ဆင်မှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း (သတင်းထုတ်ပြန်ချက် ၀၁/၂၀၂၀)

13/ Nov/ 2020


05/ Nov/ 2020
💜💜 ဆင်းရဲချမ်းသာမခွဲခြားဘဲ လူသားအားလုံးကို နေရာပေါင်းစုံမှာ ကူညီနေကြတဲ့ ကျွန်ုပ်တို့ရဲ့ကြက်ခြေနီတွေဟာ အချင်းချင်းလည်း စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ကြပါတယ်။ ✂️💊🩺 ဒီနေ့မှာတော့ အောင်ပန်းမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် ဦးသိန်းစိုးနှင့် လုပ်ဖော်ကိုင်ဖက်တွေက ကလောမြို့နယ်၊ အင်းမှီးဘုန်းတော်ကြီးကျောင်းမှာ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲတွင် မဲရုံတာဝန်ကျသူများကို ရှေးဦးပြုစုခြင်းဘာသာရပ်အား လက်တွေ့သရုပ်ပြသင်ကြားပေးခဲ့ပါတယ်။
13/ Oct/ 2020
ရန်ကုန်၊ အောက်တိုဘာ ၁၃
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် နော်ဝေသံအမတ်ကြီး H.E Ms. Hilde Solbakken ဦးဆောင်သောအဖွဲ့ကို ယနေ့ နေ့လည် ၂း၃၀ အချိန်က အွန်လိုင်းမှ တွေ့ဆုံခဲ့ပြီး ကိုဗစ်-၁၉နှင့် ပတ်သက်၍ အသင်း၏ဆောင်ရွက်နေမှုများအပေါ်တွင် ပံ့ပိုးနိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး နော်ဝေသံအမတ်ကြီးနှင့်အတူ အတွင်းရေးမှူး Ms. Frida Fostvedt တို့တက်ရောက်ခဲ့ပါသည်။
12/ Oct/ 2020
ရန်ကုန်၊ အောက်တိုဘာ ၁၂
COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Nestle Myanmar က မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်(၁၀)နာရီက အွန်လိုင်းမှတစ်ဆင့် Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပါသည်။
Nestle Myanmar က အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နှင့် အမေရိကန်ဒေါ်လာ ၅၁၆၅ တန်ဖိုးရှိ Nestle Products များဖြစ်သော Milo နှင့် Nescafe များကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လှူဒါန်းခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် က လက်ခံရယူပြီး COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် အကျိုးရှိစွာဖြင့်ထိရောက်စွာအသုံးပြုသွားမည်ဖြစ်ပါကြောင်းပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါ်ညိုညိုဝင့်၊ အရင်းအမြစ်များစုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး Nestle Myanmarမှ Managing Director Mr. Stephen Knight, Head of Finance Mr. Muhammad Jakram Zafar, Head of Consumer Communication Mr. Micheal Wong, Head of Corporate Affair Ms Monzar Myo Aung နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
Nestle Myanmar သည် ၂၀၂၀ပြည့်နှစ် ဧပြီလအတွင်းက တစ်ကြိမ် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော ကိုဗစ်၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နှင့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၁၀၀၀၀ ခုအား လာရောက်လှူဒါန်းခဲ့ပြီး ယခု ဒုတိယအကြိမ် ထပ်မံလှူဒါန်းခြင်းဖြစ်ပါသည်။
ယခုကဲ့သို့ လှူဒါန်းမှုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် Nestle Myanmar အားလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါတယ်။
Credit to - လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန
11/ Oct/ 2020
မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီစေတနာလုပ်အားရှင်များသို့ ဂုဏ်ပြု အားပေးစကား (၂/၂၀၂၀) ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁၁)ရက် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ COVID 19 ကူးစက်မြန် ကပ်ရောဂါဆိုးကြောင့် နိုင်ငံ တစ်ဝှမ်း ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြရာမှာ ကျွန်တော်တို့ရဲ့ ပြည်နယ်/ တိုင်းဒေသကြီးနှင့် ခရိုင် အသီးသီးက ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ အမှုဆောင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များက နေ့ရော ညပါ ကျန်းမာရေး အသိပညာပေးခြင်း နယ်စပ်ဒေသနှင့် မြို့အဝင်အထွက် ဂိတ်များ၌ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သံသယလူနာရှာဖွေရာမှာ ပါဝင် ဆောင်ရွက်ပေးခြင်း၊ စောင့်ကြပ်ကြည့်ရှုရေးစင်တာ(Quarantine Centre) များ၌ လိုအပ်သည့် အကူအညီများပေးခြင်း၊၊ စိတ်ပိုင်းဆိုင်ရာအားပေး နှစ်သိမ့်ပေးခြင်း အစရှိသည့် လုပ်ငန်းများကို လူသားချင်းစာနာသောစိတ်ဖြင့် မေတ္တာတရားရှေ့ထားကာ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိနေကြသည်ကို တွေ့မြင်ရသည့်အတွက် ပါဝင်ဆောင်ရွက်ပေးနေကြသူ တစ်ဦးတစ်ယောက်တိုင်းကို ရှေးဦးစွာ မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါသည်။ လက်ရှိ ဖြစ်ပွား ပြန့်နှံ့နေသည့် ကပ်ရောဂါသည် သဘာဝဘေးအန္တရာယ်များနှင့် မတူညီသော ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့်အတွက် အလွန်အန္တရာယ်များသော်လည်း ပြည်သူတွေ ရဲ့အသက်အိုးအိမ်စည်းစိမ်အတွက် ဆရာဝန်များ၊ သူနာပြုများက အသက်နဲ့ရင်းကာ ကူညီ စောင့်ရှောက် ကုသပေးနေချိန်မှာ ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များကလည်း တိုင်းပြည်အတွက် တစ်ဒေါင့် တစ်နေရာမှ ပြည်သူတွေရဲ့ ကျန်းမာရေး လိုအပ်ချက်တွေကို ကူညီပံ့ပိုး စောင့်ရှောက်ပေးနေကြတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။ များမကြာခင် ဩဂုတ်လပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ရောဂါကူးစက်မှုနှုန်း လျင်မြန်စွာ ပြန့်ပွားခဲ့သည့်အတွက် ပြည်သူအများအပြား ရောဂါ ကူးစက် ခံခဲ့ရပြီး အသက်ဆုံးရှုံးမှုများစွာ မြင့်တက်ခဲ့ရပါသည်။ ထို့အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် Facility Quarantine Center များ ဖွင့်လှစ်ကာ ကုသမှုများ လုပ်ဆောင် ခဲ့ကြရပြီး အဆိုပါ Facility Quarantine Center များတွင် နေ့ရော ညပါ ကူညီဆောင်ရွက် ပေး နေကြသော ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များ၊ ကြက်ခြေနီ တပ်ဖွဲ့မှူးများနှင့် ကြီးကြပ်ဦးဆောင်ပေးကြသော ကြက်ခြေနီ ခေါင်းဆောင်များကိုလည်း အထူး အလေးထား မှတ်တမ်းတင် ဂုဏ်ယူပါသည်။ လက်ရှိမှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါကူးစက်မှု မြင့်မားနေချိန်မှာ ရပ်ဝေးမှ ရန်ကုန်သို့ လာရောက်ကာ Quarantine Centre များတွင် ဆရာဝန်၊ သူနာပြုများနှင့်အတူ အလှည့်ကျ လာရောက် ကူညီပေးနေကြသော ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာ လုပ်အားရှင်(၄၉)ဦး၊ နေပြည်တော်တိုင်းမှကြက်ခြေနီစေတနာလုပ်အားရှင်(၃၅)ဦးနှင့် မွန်ပြည် နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၄၁)ဦးတို့အား အထူးပင် လေးစား ဂုဏ်ယူရပါသည်။ ၎င်းအပြင် ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များကို ကြီးကြပ်အုပ်ချုပ်ပေးနေသည့် တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင် တို့မှ ကြီးကြပ်မှုကော်မတီဥက္ကဌများနှင့် ကော်မတီဝင်များ၊ မြို့နယ်အသင်းခွဲ ဥက္ကဌနှင့် အမှုဆောင် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ အားလုံးက အချိန်နဲ့တပြေးညီ ပံ့ပိုပေးနေကြမှု အပေါ် အားရကျေနပ်မိသလို စစ်မှန်သော ကြက်ခြေနီ ခေါင်းဆောင်ကောင်းများကို ရွေးချယ်တင်မြှောင့်ထားနိုင်ခဲ့သည် ဆိုသော အသိက ပီတိဖြစ်စေ ခဲ့ပါသည်။ ဆက်လက်ပြီးလည်း ယခု ကဲ့သို့ အားဖြည့် ပံ့ပိုးပေးနိုင်ကြပါစေလို့ ဆန္ဒပြုပါသည်။ အသင်းဌာနချုပ်ဘက်မှလည်း ကြက်ခြေနီစေတနာလုပ်အားရှင်များရဲ့ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါသည်။ ကြက်ခြေနီစေတနာလုပ်အားရှင်များ အနေ နဲ့လည်း ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးကြပါ၊ ကိုယ်တိုင်လည်း ရောဂါကူးစက်မှု မရှိအောင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန် ကြားထားသည့် လမ်းညွှန်ချက် စည်းမျဉ်းစဉ်းကမ်းများကို တသွေမတိမ်း လိုက်နာဆောင်ရွက် ကြပါ၊ ပြည်သူက အားကိုး အားထားရသော စည်းကမ်းရှိသော အရည်အသွေးပြည့်ဝသော ကြက်ခြေနီစေတနာလုပ်အားရှင်များအဖြစ် “လူတိုင်းအတွက် အမြဲကူညီ နေရာတိုင်းမှာ ကြက်ခြေနီ” ဆိုသော ကြက်ခြေနီ ဆောင်ပုဒ်နဲ့အညီ ဘဝရဲ့ နေထိုင်မှု ပုံစံသစ် (New Normal Life Style) မှာ အကူအညီလိုအပ်သူများအတွက် တက်နိုင်တဲ့ဘက်မှ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြရအောင်ပါ။ ရင်ဆိုင်ကြုံတွေ့နေရသည့် ရောဂါကပ်ဆိုးကြီး ကမ္ဘာပေါ်မှ အမြန်ဆုံး ကင်းဝေး ပပျောက်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းရင်း ဝိုင်းဝန်းကူညီပေးနေကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များ၊ ဝန်ထမ်းများ၊ ပံ့ပိုးကူညီပေးကြသူများ အားလုံးကို အားပေးစကား ပြောကြားရင်း မှတ်တမ်းတင် ချီးကျူးဂုဏ်ပြုပါသည်။ ဒေါက်တာမောင်မောင်မြင့် ဥက္ကဋ္ဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း
26/ Sep/ 2020
နေပြည်တော်၊ စက်တင်ဘာ ၂၆
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ (၈၃)ကြိမ်မြောက်ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး (ဒုတိယနေ့)အစီအစဉ်အခမ်းအနားကို ယနေ့ နံနက် ၉နာရီအချိန်တွင် Online Video Conferencing ဖြင့်ဆက်လက်ကျင်းပပြုလုပ်ရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ ကြက်ခြေနီတပ်ဖွဲ့မှူးချုပ်နှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အသင်းမှ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်လျက်ရှိပါသည်။
ယနေ့(ဒုတိယပိုင်း)အစီအစဉ်များတွင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့မှ ဆောင်ရွက်ပြီးစီးမှုအစီအရင်ခံစာများတင်ပြခြင်း၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းမဟာဗျူဟာစီမံကိန်း(၂၀၂၁ခုနှစ်၂၀၂၅)ခုနှစ်ထိတင်ပြခြင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ရှိန်မှ ရှေးဦးပြုစုခြင်းမူဝါဒတင်ပြခြင်း၊ လူသားအရင်းအမြစ်ဌာနညွှန်ကြားရေးမှူးဒေါ်ချမ်းမင်းဦးက ကလေးသူငယ်အကာအကွယ်ပေးရေးဆိုင်ရာမူဝါဒနှင့် အလုပ်သင်မူဝါဒတင်ပြခြင်းနှင့် အရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးမှ အရင်းအမြစ်စုစည်းအသုံးချရေးမူဝါဒတင်ပြခြင်းတို့တင်ပြခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ အထွေထွေညှိနှိုင်းဆွေးနွေးခြင်းများနှင့် အကြံပြုတင်ပြချက်များပြုလုပ်ခြင်း၊ တင်ပြချက်များအပေါ် အသင်းဥက္ကဌမှ ခြုံငုံသုံးသပ်ခြင်းများပြုလုပ်ခဲ့ပါသည်။
ယင်းနောက် (၈၃)ကြိမ်မြောက်ကြက်ခြေနီညီလာခံတွင် ဆုံးဖြတ်ချက်(၂)ရပ်၊အတည်ပြုခြင်း(၁၃)ရပ်နှင့် မှတ်တမ်းတင်ခြင်း (၁၃)ရပ်တို့ကို ပြုလုပ်ခဲ့ကာ အခမ်းအနားကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
25/ Sep/ 2020
(၈၃)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး (ပထမနေ့) အခမ်းအနား အစီအစဉ်များဆက်လက်ကျင်းပ
===================
နေပြည်တော်၊ စက်တင်ဘာ ၂၅
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ (၈၃)ကြိမ်မြောက်ကြက်ခြေနီ ဗဟိုကောင်စီအစည်းအဝေး ပထမနေ့ အခမ်းအနား အစီအစဉ်များကို ယနေ့ နံနက် ၁၀း၃၀ အချိန်တွင် Online Video Conferencing ဖြင့်ဆက်လက် ကျင်းပပြုလုပ်ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့် / အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြီးကြပ်မှုကော်မတီ ဥက္ကဌများ၊ တပ်ဖွဲ့မှူးများ၊ အသင်းမှ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်းကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်လျက်ရှိပါသည်။
အခမ်းအနားတွင် ကောင်စီအစည်းအဝေး အဖွင့်အမှာစကားကို သဘာပတိဥက္ကဌ ဒေါက်တာမောင်မောင်မြင့်ကပြောကြားခဲ့ပါသည်။ ထို့နောက် (၈၂) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်မှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူမှ အသင်းဌာနချုပ်၏ (၂၀၁၉) ခုနှစ် ဇူလိုင်လမှ (၂၀၂၀) ပြည့်နှစ် အထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး အချိန်ပြည့်အလုပ်အမှုဆောင်ဒေါက်တာတင်ညွန့်မှ (၈၃) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးသို့ တင်သွင်းသည့် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို ဆက်လက်တင်ပြခဲ့ပါသည်။ ထို့နောက် အချိန်ပြည့်အလုပ်အမှုဆောင် ဒေါ်ကြူကြူဝင်းမှ အမှုဆောင်အဖွဲ့၏ (၂၀၁၉) ခုနှစ် ဘဏ္ဍာရေးအစီရင်ခံစာနှင့် အတွင်းစာရင်းစစ်၏ လုပ်ငန်းဆောင်ရွက်ချက်များကိုတင်ပြခဲ့ကြပြီး အစည်းအဝေးကို ခေတ္တပ်ရပ်နားခဲ့ပါသည်။
ကောင်စီအစည်းအဝေး နေ့လယ်ပိုင်း အစီအစဉ်များကို နေ့လည် ၁ နာရီတွင် Video conferencing ဖြင့် ဆက်လက်ကျင်းပမည်ဖြစ်ရာ တပ်ဖွဲ့မှူးချုပ်ဒေါက်တာထိန်လင်းက ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဗဟိုအုပ်ချုပ်ရေးအဖွဲ့၏ အစီရင်ခံစာကိုတင်ပြမည်ဖြစ်ပြီး ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့က ဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာများကို ညနေ ၃:၃၀ နာရီထိဆက်လက် တင်ပြဆွေးနွေး သွားကြမည်ဖြစ်ပါသည်။