26/ Sep/ 2020

(၈၃)ကြိမ်မြောက်ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး(ဒုတိယနေ့)အခမ်းအနားကို Online Video Conferencing စနစ်ဖြင့် ဆက်လက်ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၆ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ (၈၃)ကြိမ်မြောက်ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး (ဒုတိယနေ့)အစီအစဉ်အခမ်းအနားကို ယနေ့ နံနက် ၉နာရီအချိန်တွင် Online Video Conferencing ဖြင့်ဆက်လက်ကျင်းပပြုလုပ်ရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ ကြက်ခြေနီတပ်ဖွဲ့မှူးချုပ်နှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အသင်းမှ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်လျက်ရှိပါသည်။ ယနေ့(ဒုတိယပိုင်း)အစီအစဉ်များတွင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့မှ ဆောင်ရွက်ပြီးစီးမှုအစီအရင်ခံစာများတင်ပြခြင်း၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းမဟာဗျူဟာစီမံကိန်း(၂၀၂၁ခုနှစ်၂၀၂၅)ခုနှစ်ထိတင်ပြခြင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ရှိန်မှ ရှေးဦးပြုစုခြင်းမူဝါဒတင်ပြခြင်း၊ လူသားအရင်းအမြစ်ဌာနညွှန်ကြားရေးမှူးဒေါ်ချမ်းမင်းဦးက ကလေးသူငယ်အကာအကွယ်ပေးရေးဆိုင်ရာမူဝါဒနှင့် အလုပ်သင်မူဝါဒတင်ပြခြင်းနှင့် အရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးမှ အရင်းအမြစ်စုစည်းအသုံးချရေးမူဝါဒတင်ပြခြင်းတို့တင်ပြခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ အထွေထွေညှိနှိုင်းဆွေးနွေးခြင်းများနှင့် အကြံပြုတင်ပြချက်များပြုလုပ်ခြင်း၊ တင်ပြချက်များအပေါ် အသင်းဥက္ကဌမှ ခြုံငုံသုံးသပ်ခြင်းများပြုလုပ်ခဲ့ပါသည်။ ယင်းနောက် (၈၃)ကြိမ်မြောက်ကြက်ခြေနီညီလာခံတွင် ဆုံးဖြတ်ချက်(၂)ရပ်၊အတည်ပြုခြင်း(၁၃)ရပ်နှင့် မှတ်တမ်းတင်ခြင်း (၁၃)ရပ်တို့ကို ပြုလုပ်ခဲ့ကာ အခမ်းအနားကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

Read More

  25/ Sep/ 2020

(၈၃)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး (ပထမနေ့) အခမ်းအနား အစီအစဉ်များဆက်လက်ကျင်းပ

(၈၃)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး (ပထမနေ့) အခမ်းအနား အစီအစဉ်များဆက်လက်ကျင်းပ =================== နေပြည်တော်၊ စက်တင်ဘာ ၂၅ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ (၈၃)ကြိမ်မြောက်ကြက်ခြေနီ ဗဟိုကောင်စီအစည်းအဝေး ပထမနေ့ အခမ်းအနား အစီအစဉ်များကို ယနေ့ နံနက် ၁၀း၃၀ အချိန်တွင် Online Video Conferencing ဖြင့်ဆက်လက် ကျင်းပပြုလုပ်ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့် / အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြီးကြပ်မှုကော်မတီ ဥက္ကဌများ၊ တပ်ဖွဲ့မှူးများ၊ အသင်းမှ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်းကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်လျက်ရှိပါသည်။ အခမ်းအနားတွင် ကောင်စီအစည်းအဝေး အဖွင့်အမှာစကားကို သဘာပတိဥက္ကဌ ဒေါက်တာမောင်မောင်မြင့်ကပြောကြားခဲ့ပါသည်။ ထို့နောက် (၈၂) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်မှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူမှ အသင်းဌာနချုပ်၏ (၂၀၁၉) ခုနှစ် ဇူလိုင်လမှ (၂၀၂၀) ပြည့်နှစ် အထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး အချိန်ပြည့်အလုပ်အမှုဆောင်ဒေါက်တာတင်ညွန့်မှ (၈၃) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးသို့ တင်သွင်းသည့် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို ဆက်လက်တင်ပြခဲ့ပါသည်။ ထို့နောက် အချိန်ပြည့်အလုပ်အမှုဆောင် ဒေါ်ကြူကြူဝင်းမှ အမှုဆောင်အဖွဲ့၏ (၂၀၁၉) ခုနှစ် ဘဏ္ဍာရေးအစီရင်ခံစာနှင့် အတွင်းစာရင်းစစ်၏ လုပ်ငန်းဆောင်ရွက်ချက်များကိုတင်ပြခဲ့ကြပြီး အစည်းအဝေးကို ခေတ္တပ်ရပ်နားခဲ့ပါသည်။ ကောင်စီအစည်းအဝေး နေ့လယ်ပိုင်း အစီအစဉ်များကို နေ့လည် ၁ နာရီတွင် Video conferencing ဖြင့် ဆက်လက်ကျင်းပမည်ဖြစ်ရာ တပ်ဖွဲ့မှူးချုပ်ဒေါက်တာထိန်လင်းက ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဗဟိုအုပ်ချုပ်ရေးအဖွဲ့၏ အစီရင်ခံစာကိုတင်ပြမည်ဖြစ်ပြီး ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့က ဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာများကို ညနေ ၃:၃၀ နာရီထိဆက်လက် တင်ပြဆွေးနွေး သွားကြမည်ဖြစ်ပါသည်။  

Read More

  25/ Sep/ 2020

(၈၃)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်၊ စက်တင်ဘာ ၂၅ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ (၈၃)ကြိမ်မြောက်ကြက်ခြေနီ ဗဟိုကောင်စီအစည်းအဝေးကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ၂၅ရက်၊နံနက် ၉နာရီအချိန်တွင် Online Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်လျက်ရှိပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့် / အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နှီးနွယ်ဝန်ကြီးဌာနများမှ ဖိတ်ကြားထား သူများ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ တာဝန်ရှိသူများ၊ မိတ်ဖက်အမျိုးသားအသင်းများမှ ဌာနေကိုယ်စားလှယ်များ၊ အသင်းမှ အထွေထွေအတွင်းရေးမှူး၊ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် အသင်းဥက္ကဌက အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားပထမပိုင်းအစီအစဉ်ကိုခေတ္တရပ်နားခဲ့ပါသည်။

Read More

  12/ Sep/ 2020

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ရှေးဉီးပြုစုခြင်းနေ့အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်မှ ပေးပို့သည့် သဝဏ်လွှ

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၁၂) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ရှေးဉီးပြုစုခြင်းနေ့ အခါသမယတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကြက်ခြေနီအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ အားလုံး ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၀၃ ခုနှစ်မှ စတင်ပြီး ကမ္ဘာ့ရှေးဉီးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုအခါတွင် (၁၈) ကြိမ် မြောက်ရှိခဲ့ပြီ ဖြစ်ပေသည်။
အသင်းစတင်တည်ထောင်သည့် ၁၉၃၇ ခုနှစ်မှစတင်ပြီး ရှေးဉီးပြုစုခြင်းပညာများကို ကြက်ခြေနီ စေတနာလုပ်အားရှင်များနှင့် ရပ်ရွာလူထုများအတွက် မဖြစ်မနေတတ်မြောက်ရန် လိုအပ်ပြီး အသက်ကယ်သည့် အတတ်ပညာအဖြစ် သတ်မှတ်ကာ ရှေးဉီးပြုစုခြင်းဆိုင်ရာ လုပ်ငန်းများကို အမြုတေလုပ်ငန်းအဖြစ် မဟာဗျူဟာချမှတ်ပြီး ဆောင်ရွက်လျက်ရှိပေသည်။
ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ပြည်သူလူထုတိုင်း ရှေးဉီးပြုစုခြင်းတတ်မြောက်ရန်နှင့် တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်ပြီး ရှေးဉီးပြုစုခြင်း လုပ်ငန်းများကို အမျိုးသားအဆင့် အစီအမံအဖြစ် နိုင်ငံ တစ်ဝှမ်းလုံး လွှမ်းခြုံ ဆောင်ရွက်နိုင်ရေးအတွက် အသင်းဉပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုအပ်သည့် မူဝါဒများ၊ လမ်းညွှန်ချက်များချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပေသည်။
အသင်း၏ ရှေးဉီးပြုစုခြင်းလမ်းညွှန်ချက်များအတိုင်း နိုင်ငံတစ်ဝှမ်း ရှိ ကြက်ခြေနီစေတနာ လုပ်အားရှင်များမှ နေ့စဉ်ကြုံတွေ့နေရသည့် မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများ၊ သဘာဝ ဘေးအန္တရာယ်များ၊ ပဋိပက္ခအခြေအနေများတွင် သာမကပဲ နိုင်ငံအတွင်း လတ်တလော COVID-19 ကူးစက်ရောဂါ ဖြစ်ပွားစဉ် ကာလများတွင်ပါ ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဉီးပြုစုခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိနေသည်ကို အမြဲတွေ့မြင်ကြားသိနေရပေသည်။
ကြက်ခြေနီ၏ လူသားချင်းစာနာထောက်ထားခြင်းအပေါ် အခြေခံကာ ထိခိုက်ဒဏ်ရာရရှိသူ များကို ခွဲခြားမှုမရှိပဲ မွန်မြတ်သည့် လူမှုကရုဏာ စိတ်ဓာတ် အပြည့်ဖြင့် စွမ်းစွမ်းတမံ ကူညီပေးခဲ့မှုများကြောင့် ပြည်သူလူထုအနေဖြင့် ရှေးဉီးပြုစုခြင်း၏ အကျိုးထိရောက်မှုများကို သိရှိ နားလည်ခံစားခဲ့ရပြီး ကြက်ခြေနီအသင်းကြီးအပေါ် ယုံကြည်အားကိုးမှုများ ပိုမို ဖြစ်ထွန်းလာကာ အသင်း၏ ပုံရိပ်မြှင့်တက်လာအောင် ဆောင်ရွက်ပေးခဲ့မှုများအတွက် အသင်းမှ အထူးပင် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပေသည်။
ယခုနှစ် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ရှေးဉီးပြုစုခြင်းနေ့၏ ဆောင်ပုဒ်မှာ “ရှေးဉီးပြုစု အလေ့အကျင့်များ၊ ကပ်ရောဂါအလိုက်ပြင်ဆင်သွား”၊ “Adapting First Aid Practices to the Pandemic” ဖြစ်ပါသည်။ ယနေ့ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် COVID-19 ကူးစက်မြန်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ပြည်သူလူထုအတွင်း ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ ဆက်ဆံရေးပိုင်းဆိုင်ရာနှင့်၊ စီးပွားရေး လုပ်ငန်းပိုင်းဆိုင်ရာ ထိခိုက် ဆုံးရှုံးခြင်းများကို မလွဲမသွေ ကြုံတွေ့လျက်ရှိနေရပေသည်။ ၄င်း COVID-19 ကပ်ရောဂါ အခြေအနေများကြောင့် မိမိတို့၏ နေ့စဉ်ပုံမှန်ဘဝတွင် နေထိုင်မှု ပုံစံအသစ်ဖြင့် အသက်ရှင်သန်နိုင်ရေး၊ ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ဉီးတည်ပြီး ကြိုးပမ်းပြင်ဆင်ဆောင်ရွက်နေကြပြီဖြစ်ပေသည်။
အသင်းအနေဖြင့်လည်း ရပ်ရွာလူထုအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံချက်စီမံကိန်းများ၏ လုပ်ငန်းများအားလုံးကို ကပ်ရောဂါအခြေအနေအလိုက် ပြောင်းလဲ ပြင်ဆင်ပြီး ပံ့ပိုး ကူညီ‌ဆောင်ရွက်ပေးလျက်ရှိပေသည်။ ၄င်းလုပ်ငန်းများအနက် ဆောင်ပုဒ်ပါ အတိုင်း ရှေးဉီးပြုစုခြင်းအလေ့အကျင့်များကိုလည်း အထူးအလေးပေးပြီး ပြောင်းလဲပြင်ဆင် ဆောင်ရွက်ခဲ့သည်ကို ကြက်ခြေနီစေတနာ လုပ်အားရှင်အားလုံးသိရှိပြီး ဖြစ်ပေသည်။
ကပ်ရောဂါကြောင့် နေ့စဉ်နေထိုင်မှုပုံစံများပြောင်းလဲသွားသကဲ့သို့ ရှေးဉီးပြုစုခြင်း အလေ့ အကျင့်များသည်လည်း ပြောင်းလဲသွားသည်ကို တွေ့ရှိရပေသည်။ သာဓကအားဖြင့် ဒဏ်ရာ ရရှိသည့် လူနာတစ်ဉီးကို တွေ့ရှိသည့်အခါတွင် အပြန်အလှန်ရောဂါပိုး ကူးစက်မှု မရှိ စေရေးကို ပိုမိုဉီးစားပေးဆောင်ရွက်ရခြင်း၊ သတိလစ်သောလူနာ၏ မျက်နှာအနီးတွင် မိမိ၏ မျက်နှာကပ်ပြီး အသက်ရှူမှုကိုစစ်ဆေးသည့်စနစ်ကို မလုပ်ဆောင်တော့ခြင်း၊ အသက်ရှူ ရပ်ပြီး နှလုံးခုန်ရပ်နေသည့် လူနာကို နှလုံးနှိုးဆွခြင်းကိုသာ ပြုလုပ်ပြီး အသက်ရှူ အားကူနည်းကို မပြုလုပ်တော့ခြင်း စသည့် အလေ့အကျင့်များသည် COVID-19 ကပ်ရောဂါ အလိုက် ပြောင်းလဲ ဆောင်ရွက်သွားရခြင်းဖြစ်သည်ကို တွေ့ရှိရပေသည်။
ယင်းပြောင်းလဲသွားသည့် ရှေးဉီးပြုစုခြင်း အလေ့အကျင့်များကို ကြက်ခြေနီစေတနာ လုပ်အားရှင်များသာမကပဲ လူမှုအသိုင်းအဝိုင်းရှိ ပြည်သူလူထုအားလုံး၊ မိတ်ဖက် အဖွဲ့အစည်းများအားလုံး လက်လှမ်းမီသိရှိနိုင်ရေးအတွက် သင်ကြားသင်ယူမှု ပုံစံအသစ် များဖြင့်ပြန့်ပွားအောင် ကြိုးပမ်းဆောင်ရွက်ရမည်မှာ ကြက်ခြေနီစေတနာလုပ်အားရှင် များ၏ လက်ဆင့်ကမ်းဆောင်ရွက်ရမည့် တာဝန်ပင် ဖြစ်ပေသည်။
ကြက်ခြေနီမှ လက်ဆင့်ကမ်းဖြန့်ဝေပေးသည့် ရှေးဉီးပြုစုခြင်း အလေ့အကျင့်များကို ပြည်သူ လူထုများအနေဖြင့် သိရှိ၊ နားလည်၊ လက်ခံလာပြီး ထိခိုက်ဒဏ်ရာရရှိမှုများကို ကိုယ်ကိုတိုင် တုန့်ပြန် ဆောင်ရွက်လာနိုင်ခြင်းအပြင် ကြက်ခြေနီ၏ရှေးဉီးပြုစုခြင်းလုပ်ငန်းများတွင် အတူ လက်တွဲ ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်မည့် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ပေသည်။ သို့မှသာလျှင် ပြည်သူလူထု တစ်ဉီးချင်း၏ ရှေးဉီးပြုစုခြင်း ကိုယ်ပိုင်စွမ်းရည်များ တိုးတက် လာပြီး လူမှုအသိုင်းအဝိုင်းအတွင်း လူသားချင်းစာနာမှုကို အခြေခံသည့် ရှေးဉီးပြုစုခြင်း အလေ့အကျင့်ကောင်းများဖြင့် လူမှုကရုဏာကောင်းကျိုးများ ဖြစ်ထွန်းစေမည် ဖြစ်ပေသည်။
နိဂုံးချုပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ရှေးဉီးပြုစုခြင်းနေ့ အထိမ်းအမှတ်အခါသမယတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် ကြက်ခြေနီအခြေခံမူ (၇) ချက်ပါ အတိုင်း ခွဲခြာခြင်းမရှိြခင်းမူကို အစဉ်စောင့်ထိန်းပြီး COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်တား ဆီးရေး လုပ်ငန်းများတွင် ပြည်သူလူထုနှင့်အတူ ရှေးဉီးပြုစုခြင်း အလေ့အကျင့်ကောင်း များဖြင့် နိုင်ငံအကျိုးပြု၊ ပြည်သူ့အကျိုးပြု၊ လူမှုကရုဏာလုပ်ငန်းများကို ယခုထက်ပိုမိုပြီး စွမ်းစွမ်းတမံ အကောင်အထည်ဖော်ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းဆန္ဒပြုလိုက်ရ ပေသည်။
ဒေါက်တာမောင်မောင်မြင့်
ဥက္ကဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း

Read More

  11/ Sep/ 2020

ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ကိုကြိုဆိုသောအားဖြင့် ကြက်ခြေနီက သွေးသန့်လှူဒါန်း

ရန်ကုန်၊ စက်တင်ဘာ ၁၁ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ (World First Aid Day)ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီက ဦးဆောင်၍ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ စုပေါင်းသွေးသန့်လှူဒါန်းခြင်းကို ယနေ့ စက်တင်ဘာ ၁၁ရက်နေ့က ရန်ကုန်မြို့ရှိအမျိုးသားသွေးလှူဘဏ်တွင် ပြုလုပ်ခဲ့သည်။ COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်းများနှင့် အညီ ယနေ့တွင် ကြက်ခြေနီစေတနာလုပ်အားရှင် ၁၄ဦးကသွေးလှူဒါန်းခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်များတွင် ထပ်မံသွေးလှူဒါန်းသွားမည်ဖြစ်သည်။

Read More

  08/ Sep/ 2020

အသင်းဌာနချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ ညှိနှိုင်းအစည်းအဝေး အွန်လိုင်းဖြင့်ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၈ COVID-19 ရောဂါကာကွယ်ရေးအပါအဝင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၈ ရက်နေ့က အသင်း(ရန်ကုန်ရုံးခွဲ)တွင် အွန်လိုင်းဖြင့်ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်‌‌ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများဖြစ်ကြသောဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဒေါက်တာတင်ထွန်းအောင်၊ ‌ညွန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ အထောက်အကူပြုအရာရှိများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အသင်းဌာနချုပ်မှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကိုရှင်းလင်းတင်ပြပါသည်။ ထို့နောက် တိုင်းဒေသ/ပြည်နယ်များမှဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ အသင်းဌာနချုပ်မှဆက်လက်ပံ့ပိုးပေး‌မည့်အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Read More

  08/ Sep/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ နှင့် အစ္စရေးသံအမတ်ကြီးတို့တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၈ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာအစ္စရေးသံအမတ်ကြီး Mr. Ronen GILOR တို့သည် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက အသင်း(ရန်ကုန်ရုံးခွဲ) တွင် တွေ့ဆုံခဲ့ပါသည်။ ထို့သို့တွေ့ဆုံရာတွင် အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဒေါက်တာတင်ထွန်းအောင်၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်မင်းနိုင် တို့တက်ရောက်ခဲ့ပြီး အစ္စရေးသံအမတ်ကြီးနှင့်အတူ အစ္စရေးသံရုံးမှ Public Diplomacy ဒေါ်မေဟန်လည်း တက်ရောက်ခဲ့ပါသည်။

Read More

  07/ Sep/ 2020

စစ်တွေဆေးရုံတွင် COVID-19 ရောဂါကုသမှုခံယူနေသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းကထောက်ပံ့

စစ်တွေ၊ စက်တင်ဘာ ၇ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၇ရက်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ခုတင်၅၀၀ဆံ့ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် COVID-19 ရောဂါပိုးတွေ့ရှိသူများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း-၁၀၅ခု(တစ်ပတ်စာ)၊ စောင်-၁၀၅ထည်နှင့် ခြင်ထောင်-၁၀၅လုံးတို့ကို ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ထွေးနှင့် ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများစီမံခန့်ခွဲမှုယူနစ်မန်နေဂျာဦးစည်သူတိုးညွှန့်တို့က လွှဲပြောင်းပေးအပ်ရာ စစ်တွေဆေးရုံအုပ်ကြီးဒေါက်တာကြည်လွင်က လက်ခံရယူခဲ့ပါသည်။

Read More

  01/ Sep/ 2020

ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီက အဝတ်နှာခေါင်းစည်း ချုပ်လုပ်ခြင်း သင်တန်း ဖွင့်လှစ်

တောင်ကြီး၊ စက်တင်ဘာ ၁ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော အဝတ်နှာခေါင်းစည်း ချုပ်လုပ်ခြင်းသင်တန်းဖွင့်ပွဲ ကို စက်တင်ဘာလ ၁ ရက်နေ့က တောင်ကြီးမြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အဝတ်နှာခေါင်းစည်းချုပ်လုပ်ခြင်းသင်တန်း(ပထမအသုတ်)သို့ သင်တန်းသူ ၅ ဦးတက်ရောက်ကြမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယခုသင်တန်းမှ ချုပ်လုပ်သည့် အဝတ်နှာခေါင်းစည်း များကို ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။

Read More