11/ May/ 2018

ရပ်ရွာစေတနာလုပ်အားရှင်

အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ မစိုးမိုးခင်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အထက်ပိုင်းမှာရှိတဲ့ မြစ်နားရွာကလေးမှာ ရပ်ရွာစေတနာလုပ်အားရှင်အဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်းကို အကူအညီပေး လျက်ရှိပါသည်။ မစိုးမိုးခင်သည် ရခိုင်ပြည်နယ်အတွင်း  ကြက်ခြေနီက ဆောင်ရွက်နေတဲ့ သင်တန်းများနှင့် ထောက်ပံ့ကြေးပေးအပ်ခြင်း အစီအစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ “ ကျွန်မက အကူအညီလိုအပ်နေတဲ့သူတွေကို ကူညီချင်တဲ့အတွက် စေတနာလုပ်အားရှင် လုပ်ဖြစ်တာပါ။ အနာဂတ်မှာ ကြက်ခြေနီမှာ အချိန်ပြည့်တာဝန်ယူဆောင်ရွက်ချင်ပါတယ်။” “ ကြက်ခြေနီက ဒုက္ခရောက်နေသူတိုင်းကို ကူညီပေးပါတယ်။ ကျွန်မလဲ ကူညီချင်ပါတယ်။ နောက်ပြီး အကူအညီ လိုအပ်နေသူတွေကို ကူညီပေးနိုင်ဖို့ ဒေသမရွေး သွားရောက်တာဝန် ထမ်းဆောင်ချင်ပါတယ်။” “ ကြက်ခြေနီက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအတွက် ထောက်ပံ့ကြေးတွေပံ့ပိုးပေးတယ်။ သင်တန်းတွေလဲ ပေးတယ်။  ထောက်ပံ့ကြေးတွေက ထိရောက် အကျိုးရှိပြီးတော့ စားဝတ်နေရေးအတွက် တကယ်ကို အထောက်အကူဖြစ်တယ်လို့လဲ လက်ခံရရှိသူတွေက ပြန်ပြောကြပါတယ်။” “ ကျွန်မအနေနဲ့ တခြားသူတွေကိုလဲ ဒေသခံစေတနာ လုပ်အားရှင်ဖြစ်လာအောင် တိုက်တွန်းချင်ပါတယ်။ သူငယ်ချင်းတွေကိုလဲ တိုက်တွန်းပါတယ်။ ကြက်ခြေနီက ရပ်ရွာလူထုကို ကူညီပေးနေတာဖြစ်တဲ့အတွက် လူတိုင်းလဲ ပါဝင်သင့်တယ်လို့ ထင်ပါတယ်။”

Read More

  09/ May/ 2018

ကမ္ဘာ့ကြက်ခြေနီအနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံံကြက်ခြေနီအသင်း (ဌာနချုပ်)သို့ လေ့လာရေး ခရီးစဉ်လာရောက်

နေပြည်တော်၊ မေ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်)သို့ မင်းဘူးခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ခရိုင်ဦးစီးမှူး ဒုတိယတန်း ဦးလှတိုးနှင့် မြို့နယ်တပ်ဖွဲ့မှူး ဦးတင်ညွှန့် ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ယနေ့ မေလ ၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်)သို့ လေ့လာရေးခရီးစဉ် လာရောက် လေ့လာခဲ့ကြသည်။ အဆိုပါ လေ့လာရေးခရီးစဉ် လာရောက်ကြသော ကြက်ခြေနီ စေတနာလုပ်အားရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက လက်ခံတွေ့ဆုံခဲ့ကြသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံံကြက်ခြေနီအသင်း ဥက္ကဌမှ လေ့လာရေးခရီးစဉ် လာရောက်ကြသော မင်းဘူးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များကို အမှာစကားပြောကြားခဲ့ရာ - အသင်းဌာနချုပ်သို့ လေ့လာရေးခရီးစဉ် လာရောက်ကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များကို လှိက်လဲှစွာ ကြိုဆိုပါကြောင်း၊ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အသင်းကြီး၏ အင်အားလည်းဖြစ်ပါကြောင်း၊ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများကို ယခုထက်ပိုမို အားသွန်ခွန်စိုက် လုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အခြား လူမှုရေး အသင်း/အဖွဲ့များနှင့် ချိတ်ဆက်ပြီး လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့် တိုက်တွန်း ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက လေ့လာရေးခရီးစဉ် လာရောက်ကြသော ကြက်ခြေနီ စေတနာလုပ်အားရှင်များအား အမှတ်တရပစွည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း မင်းဘူးခရိုင်ကြက်ခြေနီကြီးကြပ်မှုကောမတီမှ ခရိုင်ဦးစီးမှူး ဦးလှတိုး (ဒုတိယတန်း)နှင့် မြို့နယ်တပ်ဖွဲ့မှူး ဦးတင်ညွှန့် ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ်ရှိ ဌာနများကို လေ့လာခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သိလိုသည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

Read More

  07/ May/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ INNO (Group)က လူနာတင်ယာဉ်လွှဲပြောင်းပေးအပ်

နေပြည်တော်၊ မေ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ INNO (Group) မှ လှူဒါန်းသည့် လူနာတင်ယာဉ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် မေလ ၇ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒဏ္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံကြက်ခြေနီအသင်း (၂၀၂) မိုင် ရှေးဦးပြုစုခြင်း စခန်းတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ ကောင်စီဝင် ဦအေးမောင်စိန်၊ INNO (Group) မှ Chairman Mr. Seog Chang Son နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဇော်အောင်၊ ခရိုင်/မြို့နယ် ကြက်ခြေနီအသင်းခွဲများမှ ဥက္ကဌများနှင့် ဒုတိယ ဥက္ကဌများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ ဒဏ္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရန်ကုန် - မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက အဖွင့်အမှာ စကားပြောကြားခဲ့ရာ - ယခု လူနာတင်ယာဉ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်လာသော နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ INNO (Group) မှ Chairman Mr. Seog Chang Son နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာ လုပ်အားများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ လူနာတင်ယာဉ် လှူဒါန်းပေးသည့် INNO (Group) ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ INNO (Group) မှ အသင်းသို့ လူနာတင်ယာဉ်လှူဒါန်းခြင်းသည် ဒုတိယ အကြိမ်ဖြစ်ပါကြောင်၊ ၂၀၁၇ ခုနှစ်တုန်းကလည်း INNO (Group)က (၂၀၂) မိုင် ရှေးဦးပြုစုခြင်း စခန်းဆောက်လုပ်ရန်အတွက် လှူဒါန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံသည် နှစ်ပေါင်းရှည်ကြာစွာ ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့သည့် မိတ်ဖက် အာရှနိုင်ငံတွေ ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်ပြီး INNO (Group) မှ Chairman Mr. Seog Chang Son က လူနာတင်ယာဉ် လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူနာတင်ယာဉ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက INNO (Group) မှ Chairman Mr. Seog Chang Son အား ဂုဏ်ပြုမှတ်တမ်းလွှဲနှင့် အမှတ်တရ ပစွည်း ပြန်လည်ပေးအပ်ခဲ့သည့်။ ထို့အပြင် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ လှူနာတင်ယာဉ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။        

Read More

  19/ Apr/ 2018

ပိုမိုကောင်းမွန်သောဘဝများအတွက် ကြက်ခြေနီ အသက်မွေးဝမ်းကြောင်း အစီအစဉ်

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ဒေါ်ခိုင်ယုဆွေသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အထက်ဘက် ကီလိုမီတာ အနည်းငယ် အကွာတွင် ရှိသည့် မြစ်နားကျေးရွာလေးတွင် မိသားစုနှင့်အတူ နေထိုင်လျှက်ရှိသည်။ မိသားစုဝင်ငွေသည် သူမ၏ဆံပင်အရောင်းအဝယ်လုပ်ငန်းပေါ်တွင် တည်မှီနေသည်။ အဆိုပါလုပ်ငန်းကို မြန်မာ နိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်အတွင်း ရေဘေး၊ အကြမ်းဖက်မှုတို့ကြောင့် ထိခိုက် ခံစားရသူများကို အကူအညီပေးနေသည့် စီမံကိန်း၏ တစ်စိတ် တစ်ပိုင်းဖြစ်သည့် အသက်မွေးဝမ်းကြောင်းအတွက် ထောက်ပံ့သည့် ငွေကြေးဖြင့် ထူထောင်ထားခြင်းဖြစ်သည်။ “ကျွန်မမိသားစုမှာ အသက် ၇၉ နှစ်အရွယ် ကျွန်မအဖေရယ်၊ အမရယ်၊အကိုရယ် အတူတူနေပါတယ်။ ကျွန်မ သမီးက တခြားမြို့မှာ အလုပ်သွားလုပ်နေတယ်။ ဒါပေမယ့် ကျွန်မတို့ကိုတော့ မထောက်ပံ့နိုင်ဘူး။ ဒါ့ကြောင့် ဒီဆံပင်လုပ်ငန်းက ရတဲ့ငွေနဲ့ လေးယောက်သား ရပ်တည်နေရတယ်။ “ရွာကလူတွေဆီက ဆံပင်ဝယ်ဖို့ ကြက်ခြေနီကထောက်ပံ့ငွေ ဒေါ်လာ ၂၀၀ (ဆွစ်ဖရန့် ၁၉၇ သို့မဟုတ် ယူရို ၁၆၇) ကို အရင်းအနှီးအဖြစ် လုပ်ထားပါတယ်။” “ဆံပင်တစ်စည်းကို ဒေါ်လာ ၁၀ ကနေ ၂၀ ထိ ပေးဝယ်ရတော့ ပျမ်းမျှ ဆံပင် ၂၀ စည်းလောက် ဝယ်နိုင်ပါတယ်။ မြို့တက် ရောင်းရင် အမြတ်အနေနဲ့ ဒေါ်လာ ၇၀ လောက်ရပါတယ်။” “ အဲ့ဒီပိုက်ဆံကနေ ဆံပင်တွေ ပိုဝယ်နိုင်အောင်လို့ ဒေါ်လာ ၂၀၀ ကို ပြန်ပြီးအရင်းအနှီးလုပ်တယ်။ အမြတ်ကိုတော့ မိသားစုအတွက် အခြေခံလိုအပ်ချက်တွေနဲ့ အဖေ့ကျန်းမာရေးအတွက် သုံးပါတယ်။” “အခုဆိုရင် စားသောက်စရိတ်အတွက် မပူရတော့ဘူး။ တစ်လကို ၅ ဒေါ်လာ ၁၀ ဒေါ်လာလောက်  စုနိုင်လာပြီ။” “တစ်လကို နှစ်ခါလောက် မြို့တက်ပြီး ပွဲစားကို ဆံပင်သွားရောင်းတယ်။ အခုဆိုရင်အသုံးစရိတ် လုံလောက်နေ ပေမယ့် အဖေ့ ကျန်းမာရေးပေါ် အများကြီးမူတည်တယ်။ အဖေနေထိုင်ကောင်းရင် ကျွန်မတို့ အလုပ်ပိုလုပ်နိုင်ပေမယ့် အဖေနေထိုင်မကောင်းရင် ပြုစုပေးရတဲ့အတွက် အလုပ်ချိန် လျော့သွားတယ်။” “ပွဲစားဆီ ဆံပင်သွားရောင်းဖို့ ၁၀ ရက်လောက် ဆံပင်စုရပါတယ်။ ကျွန်မတို့က ရွာကလူတွေဆီက ဆံပင်ဝယ်သလို ရွာနီးချုပ်စပ်က သူတွေဆီကလဲ ဆံပင်ဝယ်ပါတယ်။” “ မနက်အစော ရွာကထွက်ပြီး အနီးအနားက ရွာတွေကို ခြေလျင်ဒါမှမဟုတ် လှေနဲ့သွားရပါတယ်။ အများအားဖြင့် အမျိုးသမီးတွေဆီက ဆံပင်ဝယ်လေ့ရှိပေမယ့် တစ်ခါတစ်လေ ဆံပင်အရှည်ထားတဲ့ အမျိုးသားတွေဆီကနေလဲ ဝယ်ပါတယ်။ အနည်းဆုံး ၃၀ စင်တီမီတာရှည်တဲ့ ဆံပင်ကို ဝယ်ပါတယ်။ ဒါပေမယ့် ဆံပင်က ရှည်လေ ဈေးကောင်း ရလေပါပဲ။” “ရွာတွေသွားရင် ဆံပင်တွေလာဝယ်တယ်ဆိုတာပြောပြတယ်။ တကယ်လို့ ရောင်းချင်တဲ့သူတွေက ကျွန်မဆီ လာရောင်းကြ တယ်။” “တချို့သူတွေက မယ်သီလရင်ဝတ်ဖို့ သူတို့ဆံပင်ရိတ်ကြတယ်။ အဲ့ဒီ့ဆံပင်ဆိုရင် ဈေးကောင်းရတယ်။ တချို့သူ တွေက ဆံပင်အရမ်းရှည်ကြတဲ့အခါ သူတို့ဆီက အဖျားကနေ ၃၀ စင်တီမီတာ ဖြတ်ယူရပါတယ်။” “ ဆံပင်ပြန်ရှည်ဖို့ အကြာကြီးစောင့်ရတဲ့အတွက် အမြဲတမ်း လူသစ်တွေဆီ သွားရပါတယ်။ တချို့လဲ သူတို့ဆံပင်တွေ ပြန်ရှည်နေရင် ကျွန်မတို့ကို ခေါ်တတ်တဲ့အတွက် တစ်နှစ်တစ်ခါလောက်တော့ သူတို့ဆီပြန်သွားတတ်ပါတယ်။” “ကျွန်မအသိတွေ၊ ဆံပင်လှလှရှိပြီး ရောင်းချင်မယ် ထင်တဲ့သူတွေကို ရောင်းမလားလို့ တိုက်ရိုက်ပဲ မေးတယ်။ ဘယ်သူ့ကိုမှ အတင်းမတိုက်တွန်းဘူး။ သူတို့ရောင်းချင်ရင် ကျွန်မဆီပဲ လာခိုင်းတယ်။” “ ဆံပင်အများစုကို အသက် ၃၀ နဲ့  ၄၀ ကြားအရွယ် ငွေအမြန်ပေါ်ချင်တဲ့သူတွေဆီက ဝယ်ဖြစ် တယ်။” “နွေရာသီမှာ ရာသီဥတုက အရမ်းပူတဲ့အတွက် လူတော်တော်များများက အပူသက်သာအောင်နဲ့ တချိန်တည်းမှာပဲ အပို ပိုက်ဆံရအောင် ဆံပင်ဖြတ်လေ့ရှိတယ်။” “ဆံပင်အရောင်းအဝယ်မလုပ်ခင်က ရက်ကန်းရက်တာနဲ့ တခြားအလုပ်တွေလုပ်ဖူးတယ်။ ဒါပေမယ့် ဆံပင်အရောင်း အဝယ် လုပ်ငန်အကြောင်းကြားပြီး စမ်းလုပ်ကြည့်ခဲ့တာ အခုဆိုရင် ၁၇ နှစ်ရှိလာပြီ။ ကျွန်မတို့အတွက်တော့ အရမ်းကောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။” “ကျွန်မကတော့ မြို့ပေါ်က ပွဲစားဆီကို ဆံပင်တွေရောင်းလိုက်တာပဲ။ နောက်ပိုင်းဘာဖြစ်တယ် ဆိုတာတော့ မသိပါ ဘူး။ တရုတ်ကို ပို့တယ်လို့တော့ ထင်တာပဲ။ ဘာအတွက်သုံးသလဲတော့ ကျွန်မလဲမသိဘူး။” “ ကြက်ခြေနီက ငွေကြေးအထောက်အပံ့ရခဲ့တဲ့အတွက် အခုဆိုရင် လစဉ် ပိုက်ဆံနည်းနည်း စုမိလာပြီ။ အကြွေးတွေ လဲ ဆပ်နိုင်လာပြီး မထင်မှတ်ထားတဲ့ အရေးပေါ်အသုံးစရိတ် အထူးသဖြင့် အဖေ့ကျန်းမာရေးအတွက် စရိတ် လိုလာရင်သုံးဖို့ ပိုက်ဆံတချို့  စုနိုင်လာပြီ။” “စီးပွားရေးလုပ်ဖို့ ငွေကြေးထောက်ပံ့ခြင်းကကျွန်မတို့ဘဝကို ပိုပြီး လုံခြုံစေလာပါတယ်။ ရွာကသူတွေနဲ့ ကျွန်မတို့ မိသားစုလည်း ကြက်ခြေနီက အကူအညီကို ရရှိခဲ့တဲ့အတွက် အရမ်းပဲ ဝမ်းသာ ပျော်ရွှင်မိပါတယ်။” “ ရွာကဆင်းရဲတဲ့အတွက် ဘယ်သူ့ကို ငွေကြေးထောက်ပံ့ပေးရမလဲ ရွေးရတာ အရမ်းခက်ပါတယ်။ တစ်ခါတစ်လေ မှာ တစ်ချို့က ထောက်ပံ့ငွေရပြီး တစ်ချို့ကမရတဲ့အတွက် ပြသ၁နာတက်တာလေး တွေတော့ရှိတာပေါ့။ ဒါပေမယ့် ခြုံပြီးပြောရရင် ထောက်ပံ့ကြေးတွေက အရမ်းအသုံးဝင်ပြီး ဒီလိုထောက်ပံ့ကြေးရတဲ့အတွက် အရမ်းလဲ ကျေးဇူး တင်ပါတယ်။”

Read More

  17/ Apr/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်မြသူ၏ အတာသင်္ကြန်နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား

ချစ်ခင်လေးစားအပ်ပါတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များရှင် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်ရဲ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း နှင့် လူမှုကရုဏာလုပ်ငန်းများကို အန္တရာယ်ကင်းကင်းနဲ့ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ယခုလို နှစ်သစ်ကူးအခါသမယမှာ ကြက်ခြေနီစေတနာလုပ်အားရှင်များ အနေနဲ့ လူထုနှင့်အတူ လက်တွဲပြီး ပိုမို ငြိမ်းချမ်းသာယာသောလူမှုဘဝဝန်းကျင်များကို ကျန်းမာကြံ့ခိုင်စွာ တည်ဆောက်နိုင်ကြပြီး ထပ်မံ ကြုံတွေ့ လာနိုင်တဲ့ ဘေးအန္တရာယ် အပေါင်းအတွက် ကြိုတင် ပြင်ဆင်တုံ့ပြန်နိုင်စွမ်းရှိဖို့အတူတကွ ပူးပေါင်းပြင်ဆင် ကြစေလိုပါတယ်။ အသင်းရဲ့ ဦးတည်ချက်ဖြစ်တဲ့ ရွာလူထုဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရည်ကို မြှင့်တင်ပေးရန်အတွက် ရပ်ရွာလူထုရဲ့ ပူးပေါင်းပါဝင်မှု ပိုမိုရရှိအောင်၊ လူထုကိုယ်တိုင်က မိမိတို့ရင်ဆိုင်တွေ့ကြုံနိုင်တဲ့ ဘေးအန္တရာယ်တွေကို သိရှိပြီး ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးစတဲ့လုပ်ငန်းစဉ်တိုင်းကို သိရှိနားလည်ကာ လက်တွေ့ ဆောင်ရွက်ကြဖို့လိုပါတယ်။  ဒီလိုဆောင်ရွက်ရာမှာ လိုအပ်တဲ့ အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတများကို လူထုက လက်လှမ်းမီအောင် ကြိုးပမ်းဆောင်ရွက်စေလိုပါတယ်။ ဒါ့အပြင် တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေဖို့ လေ့လာသင်ယူကြဖို့နဲ့ ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာ လုပ်ငန်းများတွင် လက်တွေ့ ပြန်လည် အသုံးချဖို့ တိုက်တွန်းလိုပါတယ်။ ယခုခေတ်ဟာ သတင်းနှင့်နည်းပညာခေတ် ဖြစ်တဲ့အလျောက် ခေတ်မီနည်းပညာတွေနဲ့ ချိတ်ဆက်ပြီး မိမိတို့ ဘဝတွေအတွက် အကျိုးရှိတဲ့ စာပေ၊ ဗဟု သုတတွေကို ရှာဖွေဖတ်ရှုကာ တစ်ဦးနဲ့တစ်ဦး လွယ်လင့်တကူ ဆက်သွယ်လာနိုင်ပြီ ဖြစ်ပါတယ်။ ဒီလိုဆက်သွယ်ရာမှာ မိမိတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာ မှားယွင်းစွာ ပြောဆိုရေးသားတာတွေ၊  ရိုင်းပြစွာတုံ့ပြန်တာတွေ မပြုလုပ်ဖို့လည်း မေတ္တာရပ်ခံ လိုပါတယ်။ နောက်ဆုံးအနေနဲ့ကြက်ခြေနီစေတနာလုပ်အားရှင်များအပါအဝင် ပြည်သူအားလုံး နှစ်သစ်မှာ မင်္ဂလာပေါင်းနဲ့ ပြည့်စုံပြီး ကြက်ခြေနီအခြေခံမူများနှင့်အညီ လူမှုကရုဏာ လုပ်ငန်းများကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင် ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ်။

Read More

  11/ Apr/ 2018

၂၀၁၈ ခုနှစ် မဟာသင်္ကြန်ကာလတွင် မန္တလေးမြို့၌ မြန်မာ့ရိုးရာသင်္ကြန်ကို ပါဝင်ဆင်နွဲကြသော အများပြည်သူများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှုမျာ

မန္တလေး၊ ဧပြီ ၂၀၁၈ ခုနှစ် မဟာသင်္ကြန်ကာလတွင် မန္တလေးမြို့၌ မြန်မာ့ရိုးရာသင်္ကြန်ကို ပါဝင်ဆင်နွဲကြသော အများပြည်သူများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန် ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံဆေးခန်းများသို့ အချိန်မှီညွှန်းပို့နိုင်ရန် တို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မန္တလေးတိုင်း ဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ဦးဆောင်၍ ရေကစား မဏ္ဍာပ်နေရာများတွင် ကူညီ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် မဟာသင်္ကြန်ရေကစားမဏ္ဍာပ်နေရာများတွင် ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုများပေးသွားမည့် မဏ္ဍာပ်နေရာများနှင့် မြို့နယ်အလိုက် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။ ဗဟိုမဏ္ဍာပ်နှင့် ၂၆ လမ်းမှ လမ်း ၈၀ အထိ ဦးသိန်းနိုင် (ကြက်ခြေနီတပ်ဖွဲ့မှူး)                             ၀၉ ၇၉၇၂၄၆၂၁၇ လမ်း ၈၀၊ ၂၆ လမ်းမှ ၁၂ လမ်း အထိ ဦးတင်မိုးအောင် (ကြက်ခြေနီတပ်ဖွဲ့မှူး)              ၀၉ ၂၅၇၀၈၂၂၁၅ ၁၂ လမ်း၊ လမ်း ၈၀မှ ၆၆ လမ်း အထိ ဦးသုဝဏ် (ဒု-မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး)         ၀၉ ၇၉၆၅၁၅၁၀၀ ၆၆ လမ်း၊ ၁၂ လမ်းမှ ၂၆ လမ်း အထိ ဦးမိုးကျော် (မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး)           ၀၉ ၄၀၂၆၃၅၄၅၀ ၆၆ လမ်း၊ မနော်ရမံကွင်း ဦးသန့်ဇင်ဦး (ကြက်ခြေနီတပ်ဖွဲ့မှူး)                  ၀၉ ၄၄၄၀၁၁၁၆၁ ကန်တော်ကြီးပတ်လည် ဦးမြင့်သိန်း (ကြက်ခြေနီတပ်ဖွဲ့မှူး)                   ၀၉ ၂၅၉၁၈၈၈၂၅ အမရပူရ၊ တောင်သမန်အင်း ဦးညွှန့်ဝင်း (ကြက်ခြေနီတပ်ဖွဲ့မှူး)                    ၀၉ ၄၀၂၆၀၂၅၀၀ တိုင်းကွပ်ကဲရေးအဖွဲ့၊ တိုင်းရုံး           ၀၉ ၄၀၂၅၃၉၈၅၆ အဆိုပါနေရာဒေသအလိုက် ကူညီစောင့်ရှောက်မှုပေးခြင်းများကို မန္တလေးတိုင်းဒေသကြီးကြက်ခြေနီ သူနာပြုတပ်ဖွဲ့  ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁၇၀) ကျော်ဖြင့် ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Read More

  11/ Apr/ 2018

၂၀၁၈ ခုနှစ် ရန်ကုန်မြို့မဟာသင်္ကြန်ပွဲတော်တွင် ကြက်ခြေနီမှ ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကူညီလုပ်ဆောင်မည်

ရန်ကုန်၊ ဧပြီ ၂၀၁၈ ခုနှစ် မဟာသင်္ကြန်ကာလတွင် ရန်ကုန်မြို့၌ မြန်မာ့ရိုးရာသင်္ကြန်ကို ပါဝင်ဆင်နွဲကြသော အများပြည်သူများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန် ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံဆေးခန်းများသို့ အချိန်မှီညွှန်းပို့နိုင်ရန် တို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ဦးဆောင်၍ ရေကစား မဏ္ဍာပ်နေရာများတွင် ကူညီ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် မဟာသင်္ကြန်ရေကစားမဏ္ဍာပ်နေရာများတွင် ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုများပေးသွားမည့် မဏ္ဍာပ်နေရာများနှင့် မြို့နယ်အလိုက် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။ ဗဟိုမဏ္ဍာပ်၊ မြို့တော်ခန်းမ ဦးတင်ကိုကို (ဦးစီးမှူး(ဒုတိယတန်း))                ၀၉ ၅၅၀၀၄၉၀၊ ၀၉ ၃၂၂၄၈၉၉၉ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အင်းလျားကန်ဘောင်၊ IBC ၊ ပြည်လမ်းနှင့် မြကျွန်းသာပန်းခြံ၊ ကမ္ဘာအေးစေတီလမ်း ဦးမောင်မောင်ဦး (ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး)       ၀၉ ၅၀၅၃၃၅၆ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သုဝဏ္ဏအားကစားကွင်း၊ ရခိုင်မဏ္ဍာပ်၊ ကန်တော်ကြီးမျှော်စင်ကျွန်း ဦးခင်သန်း (ယာယီခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး)      ၀၉ ၄၂၁၁၀၉၆၇၅ ရန်ကုန်တောင်ပိုင်းခရိုင်၊ သံလျှင်မြို့မဈေးအနီး ဦးနေလင်းထွန်း (ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး)        ၀၉ ၄၂၁၁၀၉၆၉၇၊၀၉ ၇၉၉၄၄၃၀၁၁ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်၊ လှော်ကားဥယျာဉ် ဦးထိန်လင်း (ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး)             ၀၉ ၇၃၀၄၂၇၉၇၊ ၀၉ ၂၆၁၈၀၄၀၈၅ အဆိုပါနေရာဒေသအလိုက် ကူညီစောင့်ရှောက်မှုပေးခြင်းများကို ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဒုတိယတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်မင်းမင်းကိုမှ ဦးဆောင်ကွပ်ကဲ၍ သက်ဆိုင်ရာ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၀၀) ကျော်ဖြင့် ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Read More

  10/ Apr/ 2018

မတော်တဆယာဉ်တိုက်မှုတွင် ကြက်ခြေနီမှ ရှေးဦးပြုစုခြင်းဖြင့် ကူညီ

ရန်ကုန် မတ်လ ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့ နံနက် ၀၉ နာရီ ၁၅ မီနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ဗိုလ်ခြံမှတ်တိုင်အနီးတွင် မော်တော်ဆိုင်ကယ်နှင့် ကား မတော်တဆ ယာဉ်တိုက်မှု ဖြစ်သွားခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်သမားသည် အခင်းဖြစ်ပွားရာနေရာတွင် လဲကျသွားခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင်မောင်ရဲဦးထက်က ထိခိုက်အနာတရ ဖြစ်သွားသော ဆိုင်ကယ်သမားအား ရှေးဦးပြုစုခြင်းများနှင့် လိုအပ်သည်များကို ကူညီပြုစုဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် အဆိုပါလူနာအား မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲနှင့် ပြည်သူတချို့၏ကူညီမှုဖြင့်အတူ ဆေးရုံသို့ အချိန်မှီ ပို့ပြီး ဆေးကုသမှုခံယူနိုင်ရန် ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။ Credit; ဇော်မိုးအောင် (SO)

Read More

  26/ Mar/ 2018

ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီမှ ဇီးကုန်းကြီး အထက်တန်းကျောင်း တွင် ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ်

ညောင်လေးပင်၊ မတ်လ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်လေးပင်မြို့နယ်၊ ဇီးကုန်းကြီး အထက်တန်းကျောင်းတွင် ပတ်ဝန်းကျင်သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးစိုးဝင်း ဦးဆောင်၍ တပ်ဖွဲဝင်များ၊ ဇီးကုန်းကြီး အထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၁၈)မှ သင်တန်းသား/သူများ စုစုပေါင်းအင်အား (၁၀၀) ဦးတို့က ဇီးကုန်းကြီး အထက်တန်းကျောင်းတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ Credit; ခင်အောင်လှိုင်(ညောင်လေးပင်)

Read More