17/ Nov/ 2020

🎀🎀 ကိုဗစ်-၁၉ တိုက်ပွဲဝင်ဖို့ သူတို့လာကြပြီ 🎀🎀

🌺🌺 ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၅ ဦးတို့ဟာ ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က တောင်ကြီးမြို့နယ်မှ ထွက်ခွာလာခဲ့ကြပါတယ်။ 🌺🌺 တောင်ကြီးမြို့နယ်မှထွက်ခွာလာခဲ့ကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းသက်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းမော်၊ ရန်ကုန်းတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌဦးကျော်မိုးကြည်နှင့် ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်၊ အရှေ့ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်တို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက နွေးထွေးစွာကြိုဆိုခဲ့ပြီး နေရာချထားခြင်းတို့ကို စီစဉ်ပေးခဲ့ကြပါတယ်။ 🌺🌺 အခုလို မိမိတို့နေရပ်နှင့် အလှမ်းဝေးလှတဲ့နေရာမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို လာရောက်ကူညီဆောင်ရွက်ပေးကြတဲ့ ကျွန်ုပ်တို့ရဲ့သူရဲကောင်းကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ဂုဏ်ယူစွာဖြင့် လက်ခုပ်တီးပြီးအားပေးလိုက်ကြရအောင်။

Read More

  16/ Nov/ 2020

COVID-19‌ ရောဂါကာကွယ်ရေးလုပ်ငန်းများမှာ ပါဝင်‌ဆောင်ရွက်ခဲ့ကြတဲ့ ကြက်‌ခြေနီ‌စေတနာလုပ်အားရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်း မှ ချီးမြှင့်သော ဂုဏ်ပြုလွှာများ ပေးအပ်ခြင်းကို တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်မှာ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးညီညီသိန်း၊ သရက်ချောင်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြတ်ကိုကို၊ ပုလောမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနဲ့ ကြက်ခြေနီစေနာလုပ်အားရှင် ၃၈ ဦးတို့ တက်ရောက်ခဲ့ကြတယ်။

Read More

  16/ Nov/ 2020

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်မှာ ကိုဗစ် ၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် ခရမ်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

အဲ့ဒီလို ပူးပေါင်းဆောင်ရွက်ရာမှာ ရပ်ရွာလူထုအတွက် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ရုံသာမက ခရမ်းမြို့နယ်မှာရှိတဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွေမှာလည်း နေရာထိုင်ခင်းပြင်ဆင်ပေးခြင်း၊ အစားအသောက်များပြင်ဆင်ပေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း စတာတွေကို လူသားချင်းစာနာထောက်ထားစိတ်အပြည့်နဲ့ ဆက်လက်ဆောင်ရွက်နေကြပါတယ်။ အဲ့ဒီလိုဆောင်ရွက်နေကြတာဟာ ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက စတင်ကာ နေ့စဉ်ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး ယခုနိုဝင်ဘာလအတွင်းမှာလည်း အဆိုပါ လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ကာ ဆက်လက်ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။ ယခုကဲ့သို ကိုဗစ်၁၉ရောဂါကာကွယ်ရေးလုပ်ငန်းတွေအတွက် ရှေ့တန်းကနေ ဆောင်ရွက်ပေးနေကြတဲ့ ခရမ်းမြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် မြန်မာတစ်နိုင်ငံလုံးက ကြက်ခြေနီစေတနာလုပ်အားရှင်တွေအားလုံးကို လက်ခုပ်တီးကာ အားပေးဂုဏ်ပြုလိုက်ရအောင်နော်။

Read More

  16/ Nov/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဧရာဝတီတိုင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ကိုဗစ်၁၉ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့

ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်လျက်ရှိတဲ့ ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ပစ္စည်းများသွားရောက်ပေးအပ်ခြင်းကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၆ရက်က ပြုလုပ်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအဝင်ဂိတ်တွင်ပြုလုပ်ခဲ့သော ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ဌာနချုပ်မှ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာတင်ထွန်းအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်၊ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူးဦးဝင်းမြင့်၊ ဟင်္သာတခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ ပုသိမ်ခရိုင်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်မှာ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလှုပ်ရှားနေကြတဲ့ မြို့နယ်ကြက်ခြေနီအသင်းခွဲများအား ဆေးရုံသုံးနှာခေါင်းစည်း၊ N95နှာခေါင်းစည်း၊ ရေမလိုလက်သန့်ဆေးရည်၊ ခွဲစိတ်ခန်းသုံးလက်အိတ်၊ အသင်းအမှတ်တံဆိပ်ပါရာဘာအေပရွန်၊ ပလက်စတစ်အမှိုက်အိတ်၊ ကာဘော်လစ်ဆပ်ပြာ၊ ကိုဗစ်၁၉အသိပညာပေးဗွီနိုင်း၊ Face Shield နှင့် အမှိုက်ပုံးတို့ကို ပေးအပ်ခဲ့ ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက်ကိုဗစ်၁၉ ရောဂါကာကွယ်ရေးပစ္စည်းများထပ်မံ‌ ထောက်ပံ့ခြင်းကို အောက်တိုဘာလကတည်းကဖြန့်ဖြူးပေးအပ်လျက်ရှိပါတယ်။

Read More

  16/ Nov/ 2020

ကျွန်တော်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ကြက်ခြေနီအခြေခံမူ (၇) ချက်နဲ့အညီ လူမှုဆင်းရဲဒုက္ခတွေ နည်းပါးသက်သာအောင် အဘက်ဘက်ကနေပြီး တတ်နိုင်သလောက်ကူညီပေးနေကြပါတယ်။

ယနေ့နိုဝင်ဘာလ ၁၆ ရက်နေ့မှာလည်း သံတောင်ကြီးမြို့နယ်က ဒေါ်နော်သေးဂေနေမူးတို့ ကြက်ခြေနီစေတနာလုပ်အားရှင်များက သံတောင်ကြီးမြို့ဝင်ဂိတ်မှာ ခရီးသည်များ ကိုဗစ်-၁၉ ရောဂါကာကွယ်စေလိုတဲ့ စိတ်စေတနာများဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေပြီးတပ်ဆင်စေခြင်းနှင့် အမည်စာရင်းများ ကောက်ခံပေးခြင်းတို့ကို လုပ်ဆောင်ပေးခဲ့ကြပါတယ်။

Read More

  16/ Nov/ 2020

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ လူမှုကရုဏာလုပ်ငန်းတွေဆောင်ရွက်နေကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး ၁ ခုထဲမှာပဲ စည်းလုံးညီညွတ်စွာရှိနေပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့က မြောက်ဉီးမြို့နယ်ရှိ ရပ်ကွက်များနှင့် မြို့မစျေးမှာ အများပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်စေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များအား ကျန်းမာရေးအသိပညာပေးခဲ့ပြီး နှာခေါင်းစည်းများအခမဲ့ဖြန့်‌ဝေပေးတာတွေကို မြောက်ဉီးမြို့နယ်က ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်အေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။

Read More

  15/ Nov/ 2020

သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကိုဗစ်၁၉ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ပြီး ရောဂါကာကွယ်ရေးအတွက် ရပ်ရွာလူထုကို အသိပညာပေး​လုပ်ငန်းတွေ စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိနေပါတယ်။ အဲ့ဒီအပြင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာရှိတဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွေမှာလည်း အစားအသောက်နဲ့နေရာထိုင်ခင်းပြင်ဆင်ပေးတာတွေ၊ ပိုးသတ်ဆေးဖျန်းတဲ့လုပ်ငန်းတွေနဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ်(Swab) ယူတဲ့အခါတွေမှာလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ အခုလို ကိုဗစ် ၁၉ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို နေ့ရောညပါ ဆောင်ရွက်နေကြတဲ့ မြန်မာတစ်နိုင်ငံလုံးက ကြက်ခြေနီစေတနာလုပ်အားရှင်တွေနဲ့ သာကေတမြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်များကို ယခုပို့စ်နဲ့အတူ အားပေးဂုဏ်ပြုလိုက်ရပါတယ်။

Read More

  15/ Nov/ 2020

စံပြငါးစျေးနှင့် သီရီမင်္ဂလာစျေး၌ COVID-19 ကာကွယ်ရေး Campaign ပြုလုပ်ရာတွင် ကြက်ခြေနီများ ပူးပေါင်းပါဝင်

COVID-19 ရောဂါ ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် စံပြငါးစျေးနှင့် သီရီမင်္ဂလာစျေးတွင် မျက်နှာကာများ၊ ပါးစပ်နှင့် နှာခေါင်းစည်း များ၊ လက်သန့်ဆေးရည်များ ဝေငှပေး သော Campaign အစီအစဉ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးဆောင်ရွက်ခဲ့ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စေတနာ့ဝန်ထမ်းအဖွဲ့များနှင့်အတူ ရန်ကုန်အနောက်ပိုင်းခရိုင်ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စျေး (၁၇၆) စျေးတို့တွင်လည်း COVID-19 ကာကွယ်ရေးအတွက် Campaign ပြုလုပ်ခြင်းနှင့် သတိပေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Read More

  15/ Nov/ 2020

ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ အဆက်မပြတ်ဆောင်ရွက်ပေး

နမ့်ဆန်မြို့နယ်မှ ကြက်ခြနီတပ်ဖွဲ့မှူး ဦးခင်မောင်နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ နမ့်ဆန်မြို့ဝင်ဂိတ်မှာ ခရီးသည်များ ကိုဗစ်-၁၉ ရောဂါကာကွယ်စေရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ထို့အတူ မိုးမိတ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်သူရဝင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း မိုးမိတ်မြို့ဝင်ဂိတ်မှာ ခရီးသွားပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေကြပါတယ်။

Read More